တကိုယ်တော် ဆန္ဒပြသူ ထောင်ဒဏ်တသက် ချမှတ်ခံရတကိုယ်တော် ဆန္ဒပြသူ ထောင်ဒဏ်တသက် ချမှတ်ခံရ

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းကို နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့တွင် ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။

ဦးအုန်းသန်းသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့၌ အမေရိကန် သံရုံးရှေ့တွင် ပြန်လည် ဆန္ဒပြခဲ့ခြင်း ကြောင့် နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် တသက်တကျွန်းနှင့် ကျပ်ငွေ ၁ ထောင် ပြစ်ဒဏ် ချခံရခြင်း ဖြစ်သည်။

သူသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝမှ လွတ်မြောက်ရေး၊ ပြည်သူ့ကိုယ်စားပြုအစိုးရ ထူထောင်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး၊ အာဏာရှင်စနစ် ဖယ်ရှားရေး၊ မြန်မာ့အရေးတွင် ကုလသမဂ္ဂ ကြီးကြပ်မှု ကော်မရှင် ဖိတ်ခေါ်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှု အောင်ရမည် ဟူသည့် တောင်းဆိုချက်နှင့် ဆောင်ပုဒ်များ ကြွေးကြော်ကာ ဆန္ဒပြခဲ့သူ ဖြစ်သည်။

“သူက လျှောက်လဲချက် ပေးတဲ့အခါမှာ ဒီအစိုးရက တရားဝင်တဲ့ အစိုးရ မဟုတ်ဘူး။ ဖွဲ့စည်းပုံနဲ့ ပေါ်ပေါက်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာသိမ်းပြီး အခုထိ ရပ်တည်လာတာ။ ဒါကြောင့် သူ့ကို အခုလို ပြစ်ဒဏ်ချတာ တရား မဝင်ဘူး ဆိုတာတွေ ပြောခဲ့တယ်” ဟု ရုံးချိန်း သွားရောက်ခဲ့သူတဦးက ပြောသည်။

၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ကိုအေးလွင်နှင့် အပေါင်းအပါ များက အမေရိကန် သံရုံးရှေ့တွင် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဆန့်ကျင် ဆန္ဒပြခဲ့ရာတွင် အာဏာပိုင်များက ဖမ်းဆီးခြင်း မရှိဘဲ အကာအကွယ်ပင် ပေးခဲ့ပြီး သူ့ကိုမူ ဖမ်းဆီးခဲ့ ခြင်းအပေါ် ဦးအုန်းသန်းက မေးခွန်း ထုတ်ခဲ့သေးသည်ဟု သိရသည်။

ဦးအုန်းသန်းသည် ၂ဝဝ၄ ခုနှစ်အတွင်းက ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့တွင် ပထမ ဆုံးအကြိမ်အဖြစ် တကိုယ်တော် ဆန္ဒပြခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး ၂ဝဝ၇ ခုနှစ် အတွင်းကလည်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒထုတ်ဖော်ပွဲများ၊ တကိုယ်တော် ဆန္ဒပြခြင်းများကြောင့် ၆ ကြိမ်မျှ ဖမ်းဆီးခံခဲ့ရသည်။

ဦးအုန်းသန်းအနေဖြင့် ယခုပြစ်ဒဏ်နှင့် ပတ်သက်၍ လာမည့် ၂ လ အတွင်း အယူခံ တင်နိုင်မည် ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form