ဖနိဒါ မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ မြန်မာလူမျိုး ၅၄ ဦး သေဆုံးခဲ့ရသော ၀မ်းနည်းဖွယ် အဖြစ်အပျက်ကို ထိုင်းအစိုးရ အာဏာပိုင်များ ဘက်က တရားနည်းလမ်းကျစွာ ကိုင်တွယ်ဖြေရှင်းပေးရန် ထိုင်းနိုင်ငံ၏ အကြီးဆုံး လူ့အခွင့်အရေးအဖွဲ့က ယနေ့ တိုက်တွန်းလိုက်သည်။
ယခုလ ၉ ရက်နေ့က မြန်မာ ၁၂၁ ဦးသည် ထိုင်းနိုင်ငံ အတွင်းသို့ သားငါးတင် ကွန်တင်နာကားနှင့် တရားမ၀င် လိုက်ပါ ခိုးဝင်လာရင်း အသက်ရှုကြပ်ကာ ၅၄ ဦး သေဆုံးသွားပြီး၊ ရှင်ကျန်ရစ်သူများကို ထောင်ဒဏ် ၁၀ ရက် ချပြီးနောက် နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည့် ကိစ္စအပေါ် ထိုင်းအမျိုးသား လူ့အခွင့်အရေးအဖွဲ့ National Human Right Commission - NHRC က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
NHRC အဖွဲ့ ကော်မရှင်နာ M.S Sunee Chaiyaros က ယနေ့နံနက်တွင် မြန်မာ ၄၆ ဦးကို ထိန်းသိမ်းထားရာ ရနောင်းမြို့ထောင်သို့ သွားရောက်ခဲ့ကာ ကားကုမ္ပဏီက သေဆုံးသူ မြန်မာတဦးကို ဘတ်ငွေ ၃၅၀၀၀ လျော်ပေးသည်ထက် လူတဦးချင်းစီ၏ လူ့အခွင့်အရေးနှင့် ထိုက်တန်စွာ အမှုမှန် ပေါ်ပေါက်ရေးကို လိုလားကြောင်းနှင့် ဖမ်းဆီး ခံထားရသူများကိုလည်း အားပေးစကားများ ပြောကြားခဲ့သည်။
သေဆုံးသွားသော မြန်မာများ၏ နစ်နာကြေးအဖြစ် တဦးလျှင် လျှော်ကြေးငွေ ဘတ် ၃၅၀၀၀ ပေးရန် ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးက ညွန်ကြားထားပြီး ယင်းကိစ္စကို ရနောင်းခရိုင် လူမှုဖူလုံရေး ရန်ပုံငွေအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်သည်။
ယမန်နေ့ကလည်း ကော့သောင်း နယ်ခြား ကော်မတီက ရဲမှူးကြီးက ထိုင်းလူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်းများနှင့် လာရောက်တွေ့ဆုံပြီး မြန်မာများကို နေရပ်ပြန်ပို့ရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများကို ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် Migrant Assistant Program - MAP မှ တာဝန်ရှိသူတဦးက “ထိုင်းအာဏာပိုင်တွေက မင်းတို့ကို အရေးမယူဘူးနော်။ တရားခံ အနေနဲ့ ဖမ်းဆီးထားတာ မဟုတ်ဘူး။ ခဏ ထိန်းသိမ်းထားတာပါ။ နောက်ပိုင်းမှာ အေးအေးဆေးဆေး ပြန်ရဖို့ စီစဉ်ပေးမယ်။ အခု လောလောဆယ်ဆယ်က တရားစွဲဆိုဖို့ ရုံးတင်ဖို့အတွက်ကို အားလုံး လက်တွဲပေးပါ။ တရားဥပဒေ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ သေဆုံးသူတွေအတွက် လက်တွဲပြီးတော့ ကူညီပါ။ ဒဏ်ငွေ ရိုက်ဖို့ အတွက်က လုံးဝမပါဘူး” ဟု ပြောပြသည်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အဆိုပါ မြန်မာများကို အရေးယူမည် မဟုတ်ကြောင်း ယခုလ ၁၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
၁၈ နှစ်အောက်ကလေး ၁၄ ဦးနှင့် အသက်ကြီးသူ ၄ ဦးအား လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ယူပြီး လိုအပ်သော ကူညီစောင့်ရှောက်မှုများ ပေးနေသည့်အပြင် စိတ်ဓာတ် ကျဆင်းနေသည့် ကလေးများကို စိတ်ဓာတ် မြှင့်တင်ရေးဆိုင်ရာ ဆရာဝန်က ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
လိုအပ်သည့် အကူအညီများကို MAP နှင့် NHRC တို့ ပူးပေါင်း ဖြည့်ဆည်းပေးကာ အမှုပြီးဆုံးသည်အထိ ဆောင်ရွက်သွားမည် ဖြစ်သလို၊ အားပေး မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်သည်။
တနင်္သာရီတိုင်း ကော့သောင်းမြို့မှ မြန်မာနိုင်ငံသား ၁၂၁ ဦးသည် သားငါးတင် ကွန်တင်နာ ကားတစီးနှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နှင့် ဖူးကစ်မြို့ကြား ၁၅၀ ကီလိုမီတာရှိ စွမ်ဆမ်ရန်အရောက်တွင် အသက်ရှူ မွန်းကြပ်ပြီး လူ ၅၄ ဦး သေဆုံးခဲ့ရာတွင် သေဆုံးသူများကို ရနောင်းခရိုင် စွမ်ဆန်ရန်မြို့ရှိ ဘုန်းကြီးကျောင်းဝင်းတွင် ထိုင်းအာဏာပိုင်များက ယာယီ မြေမြုပ် သဂြိုဟ်ပေးခဲ့သည်။

Tags
သတင်း