ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကျင်းပမည့်ရက် ကြေညာ

NEJ ခေတ်ပြိုင်သတင်းဌာန

ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလ (၁၀) ရက်
တွင် ပြုလုပ်မည်ဟု နအဖအစိုးရက ဧပြီ (၉) ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ကြေညာချက်အမှတ် (၄/ ၂၀၀၈) အဖြစ် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုးက ကြေညာခြင်းဖြစ်ပြီး ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ
တွင် ဖော်ပြထားသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျုင်းပရေး လုပ်ငန်းများ ပြည်နယ်တိုင်းအသီးသီးတွင် ဆောင်ရွက် ပြီးစီးနေပြီး ဆန္ဒခံယူပွဲ ကျင်းပရန် အသင့် အနေအထားသို့ ရောက်နေပြီ ဖြစ်သဖြင့် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်များက ယမန်နေ့တွင် အစည်းအဝေး ပြုလုပ်ပြီး ယင်းသို့ ရက်သတ် မှတ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းစာတွင် ပါရှိသည်။

ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း စာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပြီး အစိုးရ စာအုပ်ဆိုင်များတွင် ယမန်နေ့မှ စတင်ရောင်းချနေပြီဖြစ်သည်။ စာအုပ်တွင် ခေါင်းစဉ် (၄၅၇) ခု
ပါဝင်ပြီး စာမျက်နှာ (၁၉၄) မျက်နှာပါရှိကာ ရောင်းဈေးမှာ တအုပ်လျှင် ကျပ် (၁,၀၀၀) ဖြစ်သည်။

အဆိုပါ အခြေခံဥပဒေမူကြမ်း စာအုပ်ကို စစ်အစိုးရက ယမန်နေ့တွင်မှ တရားဝင်ဖြန့်ချိ ရောင်းချခြင်း ပြုခဲ့သော်လည်း အစောပိုင်းကာလ သက်ဆိုင်ရာများသို့ ထိုစာအုပ်လိုက်လံ ဖြန့်ချိစဉ်ကတည်းက ပြည်တွင်းရှိ သတင်းထောက်များထံ ကြိုတင် ပေါက်ကြားနေခဲ့ပြီး
ဖြစ်သည်။

အခြေခံ ဥပဒေ မူကြမ်းစာအုပ်ကို စတင်ဖြန့်ချိ ရောင်းချသည့်နေ့မှာပင် ယင်းမူကြမ်း ဆန္ဒခံယူပွဲ ပြုလုပ်မည့်ရက်ကိုပါ တနေ့တည်း ကြေညာခဲ့သည့်အပေါ် ပြည်တွင်းမှ တုံ့ပြန်ချက်များ ထွက်ပေါ် ခဲ့သည်။

ရန်ကုန်မြို့မှ စာရေးဆရာ၊ သတင်းစာဆရာတဦးက “ခုဆို အတိုက်အခံတွေကနေ မီဒီယာ ပေါင်းစုံကို အသုံးပြုပြီး ဒီအခြေခံဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒမဲတွေ ပေးကြဖို့ တညီ တညွတ်တည်း လှုံ့ဆော်လာတယ်၊ သံဃာတော်တွေလည်း ပါလာပြီ။ ဒီတော့ ဒါကို အချိန် အကြာကြီး ခွင့်မပြုတော့ဘဲ စောစောစီးစီး လုပ်မယ်လို့ ကြေညာလိုက်တာပဲ” ဟု ပြောသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးကမူ ပြည်သူအများကြား ကျယ်ကျယ်ပြန့်ပြန့် သိခွင့်မရသေး သည့် အခြေခံဥပဒေ ကို တလအတွင်း ဆန္ဒခံယူပွဲ လုပ်မည်ဟု ကြေညာလိုက်ခြင်းသည် မရိုး သားကြောင်း၊ ကြိုတင်ချပြ ထားသင့်ကြောင်း ဝေဖန်ပြောဆိုသည်။

ရန်ကုန်မှ ကျောင်းသားရေးရာ လှုပ်ရှားသူ တတိယနှစ် ဥပဒေအဓိက ကျောင်းသားတဦးက “နအဖဟာ ဘယ်အခြေအနေဖြစ်ဖြစ် မဲလိမ်ပြီး ဒီအခြေခံဥပဒေကို ထောက်ခံမဲ အများရတယ်လို့ ကြေညာမယ်ဆိုတာ လူတိုင်းက တွက်ထားပြီးသား။ မဲထည့်တာ၊ မဲရုံစောင့်တာ၊ မဲရေတာ၊ မဲစာရင်း ပေးပို့တာ၊ မဲရလဒ် ကြေညာတာ စတဲ့ အဆင့်တိုင်းကို သူတို့ လက်ကိုင်တုတ် အဆင့်ဆင့်ကနေပဲ လုပ်ခွင့်ရှိအောင် တခြားဘယ်သူ့ကိုမှ ပါဝင်ခွင့် ပေးမထားတာကို ကြည့်ရင် နားလည်နိုင်ပါတယ်။ လူထုဆန္ဒ ခံယူပွဲပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံအခြေအနေ ဘာမှ ထူးခြားလာမယ်မထင်ဘူး။ အရေးကြီးတာက နိုင်ငံရေး လှုပ်ရှားမှုတွေကို အတိုက်အခံတွေက ပြည်သူတွေကို မှန်မှန်ကန်ကန် ဦးဆောင်သွားနိုင်ဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသည်။

ဆန္ဒ ခံယူပွဲ၌ မဲပေးသူ (၅၀) ရာခိုင်နှုန်းကျော်လျှင် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းမည် ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form