ပြည်သူချစ်သော စာရေးဆရာ လူထုဒေါ်အမာ၏ ဈာပန အေးချမ်းစွာပြီးဆုံး

NEJ ခေတ်ပြိုင်သတင်းဌာန

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ဈာပနအခမ်းအနား


ပြီးခဲ့သည့် တနင်္လာနေ့၌ ကွယ်လွန်ခဲ့သည့် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်၏ ဈာပနကို ယနေ့နံနက်တွင် မန္တလေးမြို့၌ ကျင်းပပြီး ၎င်း၏ ရုပ်ကလာပ်ကို ကြာနီကန်သုဿာန်၌ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

လူထုဒေါ်အမာ၏ ဈာပနသို့ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ဝံသ၊ ကြည်အောင်၊ ထက်မြက်၊ သန်းမြင့်အောင် စသည့် မြန်မာနိုင်ငံအနှံ့အပြားမှ စာပေအနုပညာရှင်များ လာရောက်ကြပြီး မြို့ခံလူထုကလည်း သောင်းသောင်းဖြဖြ လိုက်ပါပို့ဆောင်ခဲ့ကြသည်ဟု ဈာပနသို့ သွားရောက် သူတို့က ပြောသည်။

စာရေးဆရာ မောင်မိုးသူက “အားလုံး အေးအေးချမ်းချမ်း အဆင်ပြေပြေ ပြီးဆုံးသွားပါတယ်။ အမေ့ကို နောက်ဆုံး လွမ်းတဲ့အနေနဲ့ ပြည်သူချစ်တဲ့ စာရေးဆရာကြီးကို မန္တလေးတင်မကဘူး တပြည်လုံးမှာရှိတဲ့ စာပေအနုပညာနယ်ပယ်က လူတွေအနေနဲ့ ထိုက်ထိုက်တန်တန် စည်စည် ကားကားကြီး ပို့လိုက်ရပါတယ်” ဟု ပြောသည်။

လူထုဒေါ်အမာသည် မြို့မျက်နှာဖုံး မိခင်ကြီးတဦးဖြစ်ပြီး အမှန်တရားဘက်မှ အမြဲတမ်းရပ်တည် သွားသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည့်အတွက် မြို့ခံလူထုက ရုပ်အလောင်းသယ်ဆောင်သွားရာ လမ်း တလျှောက် လမ်းဘေးဝဲယာမှ ထွက်၍ ဂါရ၀ပြုကြသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ကဗျာဆရာ ကိုလေး (အင်းဝ) ကလည်း “သိပ်စည်တယ်ဗျာ၊ ခန့်မှန်းချေ သောင်းဂဏန်းမက
ဘူး။ တော်တော်များတယ်ဗျာ။ ကြာနီကန်ထဲမှာဆို လူတွေအပြည့်ပဲ။ ဒေါ်ဒေါ်ကတော့ မီးသင်္ဂြိုဟ် စက်ထဲရောက်နေပြီ။ ခေါင်းတိုင်ထဲက မီးခိုးလေးတွေ ပျောက်ခနဲ ပျောက်ခနဲ မည်းခနဲ မည်းခနဲ ထွက်လာပြီဗျာ။ အဲဒါကို ဦးလေး (လူထုဦးလှ) ဆုံးတုန်းကတော့ ကဗျာလေးတပုဒ် ရေးတာပေါ့
ဗျာ။ မီးသင်္ဂြိုဟ်စက် မည်းနက်မီးခိုး မိုးထဲလွင့်ပျံ ပြန်မလာတော့ဘူးပေါ့နော်၊ ခုလည်း ဒါပဲ ရေးရ မှာပဲဗျာ” ပြောသည်။

ဈာပနကို အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိသော်လည်း အနှောင့်အယှက် တစုံတရာ ပေး ခြင်းမရှိကြောင်း၊ ဈာပနတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်များဖြင့် လွမ်းသူ့ပန်းခြင်းများတွေ့ရကြောင်း ဈာပနသို့ သွားရောက်သူတို့က ပြောသည်။

လူထုဒေါ်အမာသည် ကိုလိုနီခေတ်ကတည်းက တက္ကသိုလ်ကျောင်းသူဘ၀ဖြင့် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ဘ၀တလျှောက်လုံး ပြည်သူဘက်မှ အစဉ်ရပ်တည်ကာ လူထုအကျိုးပြု စာပေများကို အဆက်မပြတ်ရေးသားခဲ့သည်။ လူထုဒေါ်အမာ ကွယ်လွန်ခဲ့သော်လည်း တန်ဖိုးမဖြတ်နိုင်သည့် စာပေအမွေအနှစ်များကို ပြည်သူလူထုအတွက် ချန်ရစ်ထားခဲ့သည်။

ကွယ်လွန်သူ လူထုဒေါ်အမာတွင် ရဲဘော် ဖိုးသံချောင်း၊ ဦးငြိမ်းချမ်း (ညီပုလေး)၊ ဒေါက်တာ သန်းရင်မာနှင့် ဒေါ်တင်ဝင်းတို့ သားသမီး (၄) ဦး ကျန်ရစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form