ကျော်ထင် ခေတ်ပြိုင်
ပြီးခဲ့သည့် ဧပြီ (၉) ရက်က ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်စဉ် အအေးခန်းကား အတွင်း အသက်ရှူမွန်းကျပ် သေဆုံးမှုမှ လွတ်မြောက်လာသူများကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ထိုင်းအာဏာပိုင်များက ဆုံးဖြတ်လိုက်သည်။
စောစောပိုင်းက ထိုင်းအာဏာပိုင်များဘက်မှ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထောင်ချပြီး မြန်မာပြည်သို့ ပြန်ပို့မည့် အစီအစဉ်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ရုံးတွင် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့ နေများကောင်စီ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲ၊ စစ်တပ်၊ တရားရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် MAP ဖောင်းဒေးရှင်း၊ world vision တို့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ပြင်ဆင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပါဝင်ဆွေးနွေးခဲ့သူ MAP ဖောင်းဒေးရှင်း၏ တောင်ပိုင်းဒေသ တာဝန်ခံ မစ္စတာ ဆူထိဖုံ ခေါခန်း ဖုံက “တရားသူကြီး ပြောတာက သူတို့ကို အမိန့်ချလိုက်ပြီပေါ့နော်။ တရားမ၀င် ခိုးဝင်မှုနဲ့ ထောင် ဒဏ် (၁၀) ရက်၊ မနက်ဖြန် ပြန်ပို့မယ့်သဘောပေါ့။ ကျနော်တို့ တောင်းဆိုတာက ပြန်မပို့ဖို့ ကိစ္စ
ကို ဆွေးနွေးတယ်၊ သိပ်တော့ သဘောမတူချင်ဘူး။ ဒါပေမယ့်လည်း National Human Right Commission ကလည်း တရားဥပဒေနဲ့ ထောက်ပြတော့ အဲဒါနဲ့ ပြေလည်သွားတယ်။ ဒီလူတွေ အားလုံးကို ပြန်မပို့တော့ဘူး၊ ပြီးလို့ရှိရင် လျော်ကြေးပြန်ရဖို့ ကိစ္စကို သူတို့လုပ်မယ်၊ နောက် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူဖို့ လုပ်သွားမယ်” ဟု ပြောသည်။
လူပွဲစားများက ခေါ်ယူလာသည့် မြန်မာအလုပ်သမား (၁၂၁) ဦးတို့သည် ဧပြီ (၉) ရက် ည (၁၀) နာရီခွဲခန့်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ ဖူးခက်မြို့သို့အသွား လမ်းတွင် အအေးခန်း ကားအတွင်း ပိတ်မိကာ လူ (၅၄) ဦးသည် အသက်ရှူ မွန်းကျပ်ပြီး သေဆုံးသွားခဲ့တာ (၂၁) ဦး မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ကျန် (၄၆) ဦးကို တရားမ၀င် ၀င်ရောက်မှုဖြင့် ရနောင်း ခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့သည်။
ကားပေါ် မွန်းကျပ်သေဆုံးသူ (၅၄) ဦးကို ဧပြီ (၁၂) ရက်က အကျဉ်းချုံး ဂူသွင်းသင်္ဂြိုဟ်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်လာသူများကို နေရာ (၂) ခုခွဲပြီး ရနောင်းထောင်နှင့် ရနောင်း
လ၀က အချုပ်ခန်းတို့တွင် ချုပ်နှောင်ထားဆဲဖြစ်သည်။
ယမန်နေ့က မြန်မာဘက်မှ ကော့သောင်းမြို့နယ်ရဲတပ်မှူး လာရောက်ပြီး ဖမ်းဆီးခံ ထားရသူ
များ၏ ဓာတ်ပုံများကို ရနောင်းခရိုင် ရဲမှူးထံမှတဆင့် ယူသွားကာ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ပေးရန် တိုက်တွန်းခဲ့သည်ဟု ရနောင်းခရိုင် ရဲမှူးက ပြောဆိုခဲ့ကြောင်း မစ္စတာ ဆူထိဖုံ ခေါခန်းဖုံက ပြောသည်။
မွန်လူမျိုးအများစု ပါဝင်သော ဖမ်းဆီးခံထားရသူများမှာ မြန်မာပြည်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများကို တွေ့ဆုံခဲ့သည့် ဆူထိဖုံခေါခန်းဖုံက “တော် တော်များများ ကြောက်ကြတာပေါ့နော်၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်၊ စိတ်ပိုင်းဆိုင်ရာ ရော အရမ်းထိခိုက်တာပေါ့နော်၊ ငိုကြတာပေါ့၊ အိမ်ကိုပဲ ပြန်ချင်ကြတယ်” ဟု ပြောသည်။
အအေးခန်းကားအတွင်းမှ အသက်မသေပဲ လွတ်မြောက်လာကာ ဖမ်းဆီးခံနေရသည့် မြန်မာ အလုပ်သမားများသည် မကြာသေးခင် ရက်ပိုင်းအတွင်းတွင် မော်လမြိုင်၊ သထုံ၊ ကျိုက်ထို၊
ရေး စသည့် ဒေသများမှ ကော့သောင်းမြို့သို့ရောက်ရှိလာကြပြီး လူပွဲစားကို မြန်မာကျပ်ငွေ
(၃) သိန်းကျော် (၄) သိန်းနီးပါး ပေးကာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် ရောက်ရှိလာကြသူများ ဖြစ်သည်။

Tags
သတင်း