သဘောတူလျင် ထောက်ခံမဲ ပေးလိုက်ကြပါ

ယင်းမာ

အခြေခံဥပဒေကို ခဏထားပြီး၊ ရိုးရိုးရှင်းရှင်း နားလည်ရရင်၊ စစ်အစိုးရ အခုလက်ရှိလုပ်နေတာတွေ၊ နောင် ဆက်လုပ်မှာတွေကို သဘောတူရင် ထောက်ခံမဲပေးကြရမယ်။ သဘောမတူရင် ကန့်ကွက်မဲပေးကြရမယ်။ စစ်အစိုးရက ကျမတို့ပြည်သူတွေကို မေးနေပါပြီ။ နှုတ်တရာ စာတစ်လုံးဆိုသလို ကျမတို့သဘောတူရင် ထောက်ခံမဲ ပေးကြမယ်။ မတူရင် ကန့်ကွက်မဲပေးကြမယ်။ ဘယ်သူ့ကိုမှ မေးနေစရာ မလိုပါဘူး။ တဦးချင်း ကိုယ်ပိုင်ဆုံးဖြတ်ကြရတော့မယ်။

ထောက်ခံမဲ ပေးကြမယ့် စစ်အစိုးရဝန်ထမ်းများရှင့် …

မီးဆိုတာ ကိုယ်နဲ့မနီးရင် မပူပါဘူး။ ဒါကို နားလည်ပါတယ်။

(၁) မြန်မာပြည်မှာ မီးမမှန်၊ ရေမမှန်ဒုက္ခ ရှိပေမယ့် ထောက်ခံမဲပေးကြမယ့်သူများဟာ မီးစက်၊ ရေ ဝယ်သုံးနိုင်ကြတဲ့ အနေအထား ရှိနေကြတော့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သဘောတူတယ်။ နောင် ဒီလိုပဲဖြစ်နေတာကို ကျေနပ်တယ်ဆိုရင် ထောက်ခံမဲပေးလိုက်ကြပါ။

(၂) ဆန်ဈေးတွေ၊ စားသောက်ကုန်ဈေးတွေ ကြီးမြင့်နေပေမယ့် ထောက်ခံမဲပေးမယ့် သူများဟာ ဝယ်ယူစားသုံးနိုင်တဲ့ အနေအထားရှိတော့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို အခုလည်း သဘောတူတယ်၊ နောင်လည်း သဘောတူတယ်ဆိုရင် ထောက်ခံမဲပေးလိုက်ကြပါ။

(၃) ကလေးစစ်သားတွေ၊ သူတောင်းစားတွေ၊ ပြည့်တန်ဆာတွေ များပြားတိုးပွားလာပေမယ့် ထောက်ခံမဲပေးမယ့်သူများဟာ ကိုယ့်မိသားစုဝင်တွေ ဒီလိုမဖြစ်သေးတဲ့အတွက် စစ်အစိုးရရဲ့လုပ်ရပ်တွေကို ခုလည်းထောက်ခံနေတယ်၊ နောင်လည်းပဲ ထောက်ခံနေဦးမှာပဲ ဆိုရင် ထောက်ခံမဲ ပေးလိုက်ကြပါ။

(၄) ကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက် ယုံကြည်ချက်နဲ့ ဘဝတွေ၊ အသက်တွေ စွန့်နေကြတဲ့ မိတကွဲ၊ ဖတကွဲနဲ့ ထောင်ထဲရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောက်ခံသူတွေရဲ့ မိသားစုဝင်တွေမဟုတ်တဲ့အတွက် စစ်အစိုးရရဲ့လုပ်ရပ်တွေကို သဘောတူတယ်၊ နောင်လည်း ဒီလိုပဲ ဖမ်းဆီးရိုက်နှက်သင့်တယ်လို့ ယူဆရင်၊ စစ်အစိုးရကို ထောက်ခံမဲ ပေးလိုက်ကြပါ။

(၅) လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ကျမတို့တိုင်းပြည်ရဲ့အလင်းရောင် မီးအိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လင်နဲ့သေကွဲ အကွဲခံ၊ သားတွေ မြေးတွေနဲ့ ရှင်ကွဲ အကွဲခံပြီး ကျမတို့ပြည်သူတွေဖက်က မားမားမတ်မတ်ရပ်တည်နေတဲ့ ကမ္ဘာကျော် အမျိုးသမီးကြီးကို နှစ်ပေါင်းများစွာအကျဉ်းချထားတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို အခုလည်း သဘောတူတယ်၊ နောင်လည်း သဘောတူတယ်ဆိုရင် ထောက်ခံမဲ ပေးလိုက်ကြပါ။

(၆) စက်တင်ဘာ ၂၀၀၇ မှာ၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့နဲ့၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ကိုယ်ရဲ့သားအရွယ်၊ မောင်အရွယ်၊ တူအရွယ်၊ ကလေးငယ် ကျောင်းသားလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ပေမယ့် ကိုယ့်သွေးသားအရင်းတွေ မဟုတ်လို့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သဘောတူတယ်၊ နောင် ဆက်သတ်မှာကိုလည်း ထောက်ခံတယ်ဆိုရင် ထောက်ခံမဲ ပေးလိုက်ကြပါ။

(၇) နောက်ဆုံးအချက်ကတော့၊ ကျမတို့ဗုဒ္ဓဘာသာဝင်တွေအတွက် လောက ၃ ပါး မှာ တန်ဖိုးအရှိဆုံးဖြစ်တဲ့ ရတနာ ၃ ပါး ထဲက သံဃာတွေ၊ ဘိုးဘွား ဘီဘင်ကစလို့ ထိခြင်း ၅ ပါးနဲ့ ရှိခိုးခဲ့ရတဲ့ သံဃာတွေ၊ မြတ်စွာဘုရားရဲ့ သားတော်တွေဟာ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခတွေကို မကြည့်ရက်လို့ ဘုရားရှင်နှစ်သက်တော်မူတဲ့ မေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ မေတ္တာသုတ် ရွတ်ခဲ့တဲ့ သံဃာတော်တွေ၊ ဆရာတော်တွေကို သွေးထွက်အောင် ရိုက်နှက်၊ ထောင်ချပြီး၊ ကျောင်းတိုက်တွေကနေ နှင်ထုတ်ခဲ့တဲ့ စစ်အစိုးရရဲ့လုပ်ရပ်ကို ထောက်ခံသူတွေက အခုလည်း သဘောတူတယ်၊ နောင်လည်း အခုလို လုပ်တာကို ထောက်ခံကြတယ်ဆိုရင်၊ ကိုယ့်ရဲ့ရာထူး၊ စည်းစိမ်လေး တဘဝစာ၊ တခဏစာလေးကို သံသရာ တခုလုံး ခံစားရမယ့် ဒုက္ခနဲ့ လဲနိုင်တယ် ဆိုရင်ဖြင့် ထောက်ခံမဲပေးလိုက်ကြပါရှင့်။

ကျမကတော့ ဝန်ကြီးရှေ့မှာဖြစ်ဖြစ်၊ သံအမတ်ရှေ့မှာဖြစ်ဖြစ် ကန့်ကွက်မဲပဲ ပေးပါမယ်။ ရှေ့က အချက်တွေထားပြီး နောက်ဆုံးအချက်နဲ့တင် ကန့်ကွက်မဲပေးမယ့်အကြောင်း ရှင်းပြပါမယ်။

ဒီအတွက် စစ်အစိုးရကို အကြည်ညိုပျက်စေမယ့် ပုဒ်မနဲ့လည်း ငြိစရာ မရှိပါဘူး။ အကြည်ညိုပျက်အောင်လုပ်တယ် ဆိုတာ ကြည်ညိုစရာကောင်းတဲ့သူကို မဟုတ်မတရား စွပ်စွဲပြောဆိုမှ အပြစ်မြောက်တာပါ။

စစ်အစိုးရက နဂိုကတည်းက ကြည်ညိုစရာအကြောင်း မရှိပါဘူး။ သူ့နဂိုကိုယ်တိုင်က သူ့ဟာသူ အကြည်ညိုပျက်အောင် လုပ်ထားတာပါ။ ဘယ်သူမှ ဖျက်တာ မဟုတ်ပါဘူး။ ကြည်ညိုစရာမရှိတဲ့ စစ်အစိုးရကို ထောက်ခံပါတယ်ဆိုရင်တော့ ထောက်ခံမဲသာ ပေးလိုက်ကြပါရှင်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form