အေးချမ်းမြေ့ ဧရာဝတီသတင်းဌာန
အနှစ် နှစ်ဆယ်နီးပါးကြာအောင် ရေးဆွဲခဲ့သော မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်း ထွက်ပေါ်လာခဲ့ပြီးမကြာခင် တွင်ပင် ၎င်းမူကြမ်းမှာ မျှော်လင့်ထားသည်ထက် ပြင်ဆင်ရန်ခက်ခဲလှကြောင်း ဖတ်ရှု လေ့လာသူများက သုံးသပ်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဟူသည့် အခန်း (၁၂) ပုဒ်မ ၄၃၆ (က) တွင် ဖော်ပြချက်အရ အခန်းကဏ္ဍတချို့အတွက် ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရမည်။ ထိုသို့ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ခွင့် ရှိသည် ဟု ဧပြီ ၉ရက်နေ့မှစ၍ ပြည်သူလူထုအတွက် ရောင်းချနေပြီဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းစာအုပ်တွင်ရေးသားပါရှိသည်။
“တချို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖြည်းဖြည်း ကောင်းအောင်ပြင်ဆင်သွားပြီး တိုင်းပြည် တိုးတက် အောင်လုပ်သွား မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ ခုဟာက နအဖ က သူတို့ရဲ့အခြေခံဥပဒေကို လုံးဝမပြင်ပါနဲ့လို့ အတိအလင်းပြောလိုက် တာနဲ့ အတူတူပဲ” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။
ပြင်ဆင်ရန်ခက်ခဲသည့် အခန်းကဏ္ဍများထဲတွင် ထိပ်ဆုံးမှပါဝင်နေသည်မှာ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိဖြစ်သည်။ အခန်း (၁) နိုင်ငံတော်အခြေခံမူများ ဆိုသည့်အခန်းတခန်းလုံးမှာ ပြင်ဆင်ရန် ဖြစ်နိုင်ခြေ နည်းပါးလှသည်။
၎င်း အခန်း (၁) တွင် လွှတ်တော်နှစ်ရပ်လုံး၌ စစ်တပ်၏အခန်းကဏ္ဍပါဝင်မှုကို ဦးစားပေးဖော်ဆောင်ပြထားသည်။ အခန်း (၁) ပုဒ်မ ၆ (စ) ၌ နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေးကို အစဉ်တစိုက်ဦးတည်သည်ဟု ဆိုထား၏။
ထိုသို့ တပ်မတော်က နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် အရေးကြီးသည့် အစိတ်အပိုင်းများက ပါဝင်နေသည်ကို ပြင်ဆင်ရန်ခက်ခဲသည့် အခန်း (၄) ဥပဒေပြုရေး၏ ပုဒ်မ တချို့တွင်လည်း မြင်တွေ့နိုင်သည်။
ထို ပြင်ဆင်ရန်ခက်ခဲသည့် အခန်းကဏ္ဍများမှာ အရေးကြီးသောအခန်းကဏ္ဍများ ဖြစ်နေပြီး ပုဒ်မ ၄၃၆ ကိုပါ ပြင်ဆင်ရန် မလွယ်သည့် အခန်းကဏ္ဍများထဲတွင် ပြန်ထည့်ထားသည်။
ပုဒ်မ ၄၃၆ (ခ) တွင်မူ (က) တွင်ပါရှိသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြင်ဆင်လိုလျင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဆိုထားသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းတွင် အခန်းပေါင်း ၁၅ ခန်းပါရှိပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည့်အနက် ထိုလွှတ်တော် နှစ်ရပ်လုံးတွင် စစ်တပ်၏ အခန်းကဏ္ဍက ၂၅ ရာခိုင်နှုန်းစီပါဝင်နေသည်။
လွှတ်တော်နှစ်ရပ်လုံးတွင် စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါရှိနေသည်အတွက် အခြေခံ ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထောက်ခံမဲ “၇၅ ရာခိုင်နှုန်းကျော်” ရရှိဖို့ လုံးဝ မဖြစ်နိုင်ကြောင်း ဦးအောင်ထူးကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုသည်မှာ ဥပဒေတိုင်းတွင် အရေးအလွန်ကြီးသည့်ကဏ္ဍတရပ်ဖြစ်ပြီး ယနေ့ကမ္ဘာ တွင် ပြင်ရန်ခက်ခဲသော ဖွဲ့စည်းပုံနှင့် ပြင်ဆင်ရန် လွယ်ကူသောဖွဲ့စည်းပုံနှစ်မျိုးရှိသည့်အနက် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှု ကိုလိုလားပါက ပြင်ဆင်ရန်လွယ်ကူသောဖွဲ့စည်းပုံအမျိုးအစားထဲတွင် ထည့်သွင်းရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဥပဒေပြုရေးအခန်းကဏ္ဍ၏ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁နှင့် ၁၆၁တို့မှာလည်း ပြင်ဆင်ရန်ခက်ခဲလွန်းသည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။
ပုဒ်မ ၇၄ တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်လုံး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ် သည့် တပ်မတော်သားများ ပါဝင်ရမည် ဟုဆိုထားသည်။ ပုဒ်မ ၁၀၉ တွင်မူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရေ အများဆုံး အယောက် ၄၄၀ ရှိသည့်အနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၁၀ ပါဝင်မည်ဖြစ်သည်။
ထို့အတူ ပုဒ်မ ၁၄၁ ၌အမျိုးသားလွှတ်တော်ဖွဲ့ရာတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကြီးများမှ လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသည့် တပ်မတော် သားကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးတို့ ပါဝင်ရမည်ဟုဆိုထားသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်သား ကိုယ်စားလှယ်များအား ခန့်အပ်မည်ဟု ပုဒ်မ ၁၆၁ တွင် ဆိုထားသည်။
“စစ်တပ်က လွှတ်တော်အသီးသီးမှာ လေးပုံတပုံပါတယ်ဆိုတာ ဘယ်တိုင်းပြည်မှာမှမရှိဘူး။ အင်ဒိုနီးရှားနိုင်ငံ မှာ ၁၉၄၅ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာစစ်တပ်ပါခဲ့ဖူးတယ်။ ဒါတောင် ကိုယ်စားလှယ် ထောင်ဂဏန်းမှာ ဆယ်ဂဏန်းပဲပါတာ။ အဲဒါ စီးပွားရေးတွေကျဆင်း၊ မအောင်မြင်ဘဲ ၁၉၉၈မှာဆန္ဒပြပွဲတွေ ဖြစ်ပြီး ပြောင်းလိုက်ရတာပဲ” ဟု ဦးအောင်ထူးက လွှတ်တော်တွင် တပ်မတော်အခန်းကဏ္ဍပါဝင်မှုနှင့် ပတ်သက်၍ ပြောပြသည်။
ဆက်လက်၍ ၎င်းက နအဖ၏ အခြေခံဥပဒေမူကြမ်းတွင် ထည့်သွင်းထားသော သမ္မတရွေးချယ်ပုံစနစ်ကို ဝေဖန်သည်။
တပ်မတော်၏ အခန်းကဏ္ဍအနေနှင့် အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ဆိုသည်တွင် ပုဒ်မ ၆၀ ၌ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် တင်မြှောက်ရမည်ဟု ပါဝင်ပြီး ထိုအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့်ဖွဲ့စည်းရမည်ဟု ဆိုထားသည်။
ထိုအစုအဖွဲ့သုံးဖွဲ့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ မြို့နယ် သို့မဟုတ်လူဦး ရေကိုအခြေခံရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နှင့် ကာကွယ်ရေးဦး စီးချုပ်က ရွေးချယ်ခန့်အပ်ထား သည့် တပ်မတော်သားအစုအဖွဲ့တို့ဖြစ်သည်။
“သူတို့လုပ်ထားတဲ့ သမ္မတရွေးချယ်ပုံစနစ်က ပြည်သူလူထုဆီက အချုပ်အခြာအာဏာ ဆင်းသက်လာဖို့ ဆိုတာကို လုံးဝ ငြင်းပယ်လိုက်တာပဲ။ ဘယ်တိုင်းပြည်မှာမှမလုပ်သေးတဲ့ သမ္မတရွေးချယ်နည်းကို ကျင့်သုံးထားတယ်” ဟု ဦးအောင်ထူးက သုံးသပ်သည်။
ထိုရွေးချယ်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦးကို လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော်ကိုယ် စားလှယ်မဟုတ်သူ များထဲမှ ရွေးချယ်ကာ ထိုသုံးဦးထဲမှ သမ္မတကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်အရာရှိတယောက်ယောက်ကို ကျိန်းသေ သမ္မတဖြစ်အောင် ဖန်တီးထားတဲ့ဥပဒေ ပဲဗျ” ဟု ဦးအောင်ထူးကပြောသည်။
ကမ္ဘာတွင်အောင်မြင်နေသော သမ္မတစနစ်အားလုံးမှာ လူထုကမဲပေးထောက်ခံသော ပုဂ္ဂိုလ်ကို ရွေးချယ်ထား၍ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သည့်နိုင်ငံမျိုးတွင် တဦးတယောက်ထဲ လက်၌အာဏာရှိသည့် သမ္မတစနစ်က မအောင်မြင်နိုင်ကြောင်း ဦးအောင်ထူးက ပြောပြသည်။
“ပြည်သူလူထုက တိုက်ရိုက်မဲပေးခန့်ထားတာမဟုတ်တဲ့ သမ္မတလက်ထဲမှာ အာဏာရှိနေတာအရမ်း အန္တရာယ် များတယ်” ဟု ၎င်းက ဆိုသည်။
“ဒီအခြေခံဥပဒေကြီးအတည်ဖြစ်သွားရင် စစ်တပ်အတွက်လုံးဝ အကျိုးရှိမယ်။ စစ်တပ်ကပုဂ္ဂိုလ်ပဲ သမ္မတဖြစ်သွားလိမ့်မယ်။ လူထုအတွက်ကတော့ ရွေးချယ်တင်မြှောက်ပုံစနစ်အခြေခံကပဲ ကြည့်ကြည့်၊ ဥပဒေစိုးမိုး ရေးဘက်ကပဲကြည့်ကြည့်၊ တိုင်းပြည်ရဲ့နိုင်ငံရေးအာဏာကို မျှဝေကျင့်သုံးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံကပဲကြည့်ကြည့် လုံးဝအားကိုး လို့မရတဲ့ အခြေခံဥပဒေကြီးပဲလို့ ပြောချင်ပါတယ်” ဟု ဦးအောင်ထူးက သုံးသပ်သည်။

Tags
သတင်း