မုံပီး မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ဘဏ်တခုကို ဓါးပြဝင်တိုက်ရာ ဘဏ်ဝန်ထမ်းတဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများ အပြောအရ သိရသည်။
သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းပေါ်ရှိ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အင်္ဂါနေ့ည ၉ နာရီအချိန်က ဓါးပြဝင်တိုက်ခြင်း ဖြစ်သည်။
မျက်မြင်သက်သေတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် ဓါးပြသည် ဘဏ်ဝန်ထမ်းတဦးကို ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
မဇ္ဈိမ အထောက်တော်တဦးက အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှု့ရာတွင် အရပ်ဝတ် ဝေါ်ကီတော်ကီ စကားပြောစက်ကိုင် လုံခြုံရေး တဒါဇင်ခန့်ကို ဘဏ်အနီးပတ်ဝန်းကျင်တွင် တွေ့ရသည်။
"ဘဏ်နားမှာ လုံခြုံရေးတွေ တအားပဲ၊ ပြီးတော့ ငွေထုတ်ငွေသွင်းလဲ ရပ်ထားတယ်" ဟု သူက ပြောသည်။
ဓါးဒဏ်ရာဖြင့် သေဆုံးသွားသော ဘဏ်ဝန်ထမ်း မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဆဲ ဖြစ်သည်။ ဘဏ်၏ ပတ်ဝန်းကျင်တွင် လူနေကျဲပြီး ဝန်ထမ်းအိမ်ရာ အချို့သာ ရှိသည်။
မဇ္ဈိမသို့ သတင်းပေးပို့သူတဦးက ပြောကြားရာတွင် ဓါးပြများက ဘဏ်မှ ကျပ်သန်းပေါင်း ၉ဝဝ ခန့် ယူဆောင် သွားသည်ဟု ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
သင်္ကန်းကျွန်းရဲစခန်းကိုလည်း ဆက်သွယ်မေးမြန်း၍ မရနိုင်ဘဲ ရှိရာ ဓါးပြမှုနှင့် ပတ်သက်သော အချက်အလက် များကို တိုက်ဆိုင်နိုင်ခြင်း မရှိပေ။
မဇ္ဈိမကတော့ ထပ်မံ စုံစမ်းလျှက် ရှိသည်။

Tags
သတင်း