မလေးရှား သင်္ကြန်နှင့် နအဖဗိုလ်ချုပ်ယိမ်း

ခင်မောင်ဝင်း ဟစ်တိုင်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်ရှိ လူသိများသော ကိုတာရာယာကုန်တိုက်ဘေးတွင်ရှိသော (SM) ကုန်တိုက် ၆ထပ်တွင် ဧပြီ ၁၃ ရက်က ဒေသ စံတော်ချိန် နံနက် ၁၁နာရီ မိနစ် ၃၀ မှ ညနေ ၅း၀၀ နာရီအချိန်ထိ အမျိုးသားဒီ/ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီးများ ကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက် ကြည့်ရှုသူများမှာလည်း များသောအားဖြင့် အိုဗာစတေးခေါ် နေထိုင်ခွင့် ရက်လွန်နေသူများ ဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုး လွန်းသည့်အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု အားပေးကြခြင်း ဖြစ်ပါသည်။

အခမ်းအနား အစီအစဉ်များကို (န.အ.ဖ) လက်ထက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်များတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သော သင်္ကြန် (သံချပ်)၊ သင်္ကြန် ယိမ်းအကများ၊ တေးသီချင်းဖျော်ဖြေခြင်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖော် အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။


“ကြွကြွ...ငရဲပြည်ကိုကြွ”တေးသွားနှင့်အတူ လက်ခုပ်သံညံသွားခဲ့သော နအဖ ဗိုလ်ချုပ်ယိမ်း

ကိုမင်းမင်း သီဆိုသော (ကြွကြွ ငရဲပြည်ကိုကြွ) တေးသီချင်းနှင့် အတူ အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ-မလေးရှား) ရဲဘော်များ ၀တ်ဆင်ထားသော (န.အ.ဖ) ဗိုလ်ချုပ်ကြီးများ၏ စစ်အင်္ကျီနှင့် ထမီဝတ်ပြီး ကပြဖျော်ဖြေသော (န.အ.ဖ) ယိမ်းတွင် လာရောက်ကြည့်ရှုသော ပရိသတ်များ၏ လက်ခုပ်သံများသည် အခမ်းအနားကျင်းပသော ဇာတ်ရုံကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ အားပေးခဲ့ပါသည်။


တစ်ခန်းရပ်ပြဇာတ်ဖြစ်သော “ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကြ” ပြဇာတ်တွင် ရဟန်း၊ရှင်လူ၊ ကျောင်းသား ပြည်သူများအား နအဖ စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သရုပ်ဖော်ပြကွက်တွင် ပရိတ်သတ်များသည် နအဖ စစ်အာ ဏာရှင်အပေါ် ပိုမိုစက်ဆုပ်ရွံရှာမှုများနှင့်အတူ ဒေါသ ပေါက်ကွဲသံများ ထွက်ပေါ်လာအထိ ဇာတ်ရုံကြီးတခုလုံး ဆူညံသွားခဲ့သည်။

အခမ်းအနားကို နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပထမပိုင်းအစီအစဉ် အပြီးတွင် ပွဲကို ခေတ္တရပ်နားကာ မြန်မာရိုးရာ သင်္ကြန်အစား အစာဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျောက်ကျောတို့နှင့် ကျွေးမွေးဧည့်ခံခဲ့သည်။

နောက်ဆုံးအစီအစဉ်တွင် “အရေးကြီးပြီ ညီနောင်အပေါင်းတို့” သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မလေးရှားသို့ရောက်ရှိနေသော ရွှေမြန်မာများက အခက်အခဲမျိုးစုံကြားမှပင် လူပေါင်း ၇၀၀ ကျော် တက်ရောက် အားပေး ခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form