စက်တင်ဘာအရေးအခင်းနှင့် ပတ်သက်ပြီး ထောင်ချခံရသူ ၄၀ ရှိကြောင်း AI အစီရင်ခံ

ကိုစိုး ဧရာဝတီ

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International-AI)က ၂၀၀၇ ခု စက်တင်ဘာ ဆန္ဒပြပွဲများ နှင့်ပတ်သက်ပြီး သံဃာတော် ၇ ပါး အပါအဝင် ဖမ်းဆီးခံထားရသူ ၄၀ အား စစ်အစိုးရက ထောင်ဒဏ်များချမှတ် လိုက်သည်ကို သုတေသနပြု၍ ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်သည်။

ယခုထုတ်ပြန်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဝေဖန်တိုက်တွန်းချက် သောကြောနေ့က ထွက်ပေါ်လာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း AI ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာ စစ်အာဏာပိုင်များအနေနှင့် အကြမ်းဖက်နှိပ်ကွပ်နေမှုများအား အမြန်ဆုံး ရပ်တန်းကရပ်ပြီး ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် တိုက်တွန်း ပြောကြားထားသည်။

အဆိုပါ AI အဖွဲ့၏ သုတေသနပြုချက်အရ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီးဖမ်းဆီးထားသူ ၄၀ ကို ထောင်ဒဏ် ၂ နှစ်မှ တသက်တကျွန်း ကျော်သည်အထိ ချမှတ်ထားကြောင်း၊ ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြသည့် သံဃာတော်များအား သောက်ရေချမ်း ဆက်ကပ်သူ ၃ ဦး ကိုပင် ထောင်ဒဏ်ချမှတ်ကြောင်း ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ယင်းဖမ်းဆီးထောင်ချခံရသူများသည် ၂၀၀၇ ခု စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများ အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ ထောင်ဒဏ် ၇ နှစ် ခွဲ ချမှတ်ခံရသည့် ဦးကေသရိယျ၊ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည့် ဦးဝဏ္ဏသီရိနှင့် ထောင်ဒဏ် ၂ နှစ် ခွဲ ချမှတ်ခံရသည့် ဦးကောမလ စသည့် သံဃာတော် ၃ ပါးအပါအဝင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထောင်ဒဏ် တသက် တကျွန်းနှင့် ၂ နှစ် ချမှတ်ခံရ သည့် ကိုသီဟ၊ ရခိုင်ပြည်နယ်မှ ထောင်ဒဏ် ၃ နှစ်နှင့် ၉ လ ချမှတ်ခံရသည့် ကိုအောင်နိုင်စိုးနှင့် ထောင်ဒဏ်၂ နှစ် နှင့် ၃ လ ချမှတ်ခံသည့် ကိုအောင်နိုင်တို့ ၆ ဦးသည် မည်သည့်အချိန်တွင် ဖမ်းဆီးခံရသည်ကို မသိရှိရ ကြောင်းလည်း AI က ဖော်ပြထားသည်။

စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ၂၀၀၇ ခု ဒီဇင်ဘာ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် တရားမဝင် လက်နက် များ ကိုင်ဆောင်ပြီး ဆူပူသောင်းကျန်းဖျက်ဆီးသူများကိုသာ ဖမ်းဆီးအရေးယူ ထောင်ချခြင်းဖြစ်သည်ဟု ပြောဆို ကြောင်း၊ ယင်းမတိုင်ခင် နိုဝင်ဘာ ၇ ရက်ကလည်း စစ်အစိုးရ သတင်းဌာနများက အကြမ်းဖက်သောင်းကျန်း သူ တွေကို ဖမ်းဆီးအရေးယူမည်ဟု ကြေညာခဲ့ကြောင်း ယခု AI ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာစစ်အစိုးရဟာ စက်တင်ဘာ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ် နိုင်ငံတကာက အာရုံစိုက်နေမှုကနေ အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲဆီ ပြောင်းလဲအာရုံစိုက်လာအောင် ဖန်တီးနေတယ်၊ သူတို့အခွင့်အရေးအတွက် ဆန္ဒပြနေသူတွေကို ပြည်သူပိုင်လမ်းတွေပေါ်ကနေ တခါးပိတ်ခုံရုံးတွေဆီကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်”ဟု AI အဖွဲ့ကြီးက ပြောဆိုသည်။

“အဲဒီ အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲက စစ်အစိုးရကို တရားဝင်အစိုးရဖြစ်အောင်လုပ်တဲ့ ဆန္ဒခံယူပွဲပါပဲ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တာဟာ တရားမျှတကြောင်းပြဖို့ကြိုးစားတာပါ”ဟုလည်း AI က ဆိုသည်။

AI အဖွဲ့၏ ယခုအစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီတွင် ထည့်သွင်းဆုံးဖြတ်ချက်ချနိုင်ရန်အတွက် အမြန်ဆုံးသွားရောက် စုံးစမ်းဖော်ထုတ်နိုင်မည့် အထူး ကိုယ်စားလှယ်အား မြန်မာအစိုးရကခွင့်ပြုနိုင်ရေးကို နိုင်ငံတကာ အသိုင်းအဝန်းအနေနှင့် ဖိအားပေး ဆောင်ရွက် ရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

ယင်း ၂၀၀၇ ခု စက်တင်ဘာ အရေးအခင်းကာလအတွင်း စစ်အစိုးရက အနည်းဆုံး လူ ၇၀၀ ခန့်ဖမ်းဆီးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၁၅၀ ခန့်ပြန်လွတ်ရန်ကျန်ရှိနေသေးကြောင်း AI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form