မလေးရှားရောက် မြန်မာအလုပ်သမားများ ဖမ်းဆီးခံနေရ

ကိုစိုး ဧရာဝတီသတင်းဌာန

မလေးရှားနိုင်ငံရောက် ရာနှင့် ချီသည့် မြန်မာနိုင်ငံသား အလုပ်သမားများကို မလေးရှား စေတနာ့ဝန်ထမ်း ရလ အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အသိအမှတ်ပြုခံထားရသူများအပါအဝင် အထောက်အထား လက်မှတ်မရှိသူ ၅၀၀ ကျော်ကို ယင်း ရလ အဖွဲ့က စနေနေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားအခြေစိုက် မြန်မာနိုင်ငံသား အလုပ်သမားအခွင့်အရေး ကာကွယ်ရေးအဖွဲ့(BWRPC)က ပြောသည်။

ယခုဖမ်းဆီးခံရသူများတွင် ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ခန့်နှင့် UNHCR က စည်းရုံးဆောင်ရွက်ထားသော အခြေခံ ပညာသင်တန်းကျောင်းမှ ကလေး၅၀ ခန့်နှင့်အတူ ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းပါဝင်ကြောင်းသိရသည်။

BWRPC အဖွဲ့မှ ဦးဆောင်သူတဦးဖြစ်သည့် ကိုရဲမင်းထွန်းက အထောက်အထားလက်မှတ်မရှိသူ မြန်မာနိုင်ငံသား အလုပ်သမားများကို ရလ အဖွဲ့က ကြမ်းတမ်းစွာနှိမ်နင်း ဖမ်းဆီးမှုကြောင့် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို ကြောက်ရွံ့ စိုးရိမ်နေကြကြောင်း ပြောပြသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော မလေးရှားအစိုးရ၏ မူဝါဒကို ဝေဖန်ထားသည့် လူ့အခွင့်အရေး အဖွဲ့ ၂ ဖွဲ့၏ အစီရင်ခံစာထွက်ပေါ်လာပြီးမကြာသေးခင်အချိန်အတွင်း ယခုကဲ့သို့ ရလ အဖွဲ့က အလုပ်သမား များကို ဖမ်းဆီးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း မလေးရှားအခြေစိုက် Suara Rakyat Malaysia (SUARAM) နှင့် International Federation for Human Rights (FIDH) လူ့အခွင့်အရေးအဖွဲ့တို့၏အစီရင်ခံစာ၌ နိုင်ငံရေးခိုလှုံသူများနှင့် ဒုက္ခသည်များကို အကာအကွယ် ပေးမှုနည်းပါးကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ်ကို အလုပ်သမားအေဂျင်စီများနှင့် အလုပ်ရှင်များက ကိုယ်ကျိုးရှာအမြတ်ထုတ် လှည့်စားမှုများ ပြုလုပ်နေကြောင်းလည်း ဝေဖန်ပြောဆိုထားသည်။

“မလေးရှား စီးပွားရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍ အဓိကပါဝင်နေပေမယ့် အာဏာပိုင်တွေ ကတော့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို မပြောင်းလဲဘဲ တသမတ်တည်း ကျင့်သုံးနေပါတယ်”ဟု FIDH အဖွဲ့ အကြီးအကဲ ဆူအားရား ဘယ်လ်ဟက်ဆင်းန် က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အရေအတွက်သည် မလေးရှားနိုင်ငံသားအလုပ်သမားများ၏ ထက်ဝက်ခန့်ရှိ ကြောင်းနှင့် ၎င်းတို့အထဲမှ ၅ သန်းခန့်သည် အထောက်အထားလက်မှတ်မရှိဘဲ နေထိုင်နေကြရသည်ဟု လည်း ၎င်းက ဆိုသည်။

ယင်း အစီရင်ခံစာ၌ လူမှောင်ခိုကူး ခံရသူများ၊ နိုင်ငံရေး ခိုလှုံသူများနှင့် ဒုက္ခသည်များ ဆိုင်ရာ အကာအကွယ် ပေးမှုနှင့် ယာယီနေထိုင်ခွင့်အတွက် တိကျသေချာသော ဥပဒေပြဌာန်းချက်မရှိကြောင်း၊ ဒုက္ခသည် ကလေး သူငယ်များအတွက်လည်း အကာအကွယ်မပြုလုပ်ပေးနိုင်ကြောင်းတို့ ပါရှိသည်။

ထို့အပြင် အစီရင်ခံစာက အဆိုပါ ရလ အဖွဲ့ဝင် ၄၀၀၀၀၀ ခန့်မှ အနည်းငယ်ကို သင်တန်းပေး၍ လူဝင်မှုကြီးကြပ် ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခိုင်းခြင်း ဖြစ်သည်ဟုလည်း အာဏာပိုင်များကို ဝေဖန်ထားသည်။

SUARAM အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဆွေဆန်းရပ် က “ရလ တွေက အလုပ်သမားတွေ၊ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံသူတွေကို လိုအပ်တာထက် အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်၊ မလေးရှား အာဏာ ပိုင်တွေ အနေနဲ့ လတ်တလော ပြဿနာအတွက် ရလတွေကို အခုလိုသုံးပြီး ဖြေရှင်းတာဟာ ဥပဒေမဲ့ လုပ်တဲ့ သဘောပါပဲ”ဟု ပြောဆိုသည်။

ရလ အဖွဲ့ဝင်တွေက အလုပ်သမားတွေကို ယခုကဲ့သို့ ရိုက်နှက်ဖမ်းဆီးခြင်းသည် ညှဉ်းပန်း နှိပ်စက်ခြင်းပင်ဖြစ် ကြောင်း ကိုရဲမင်းထွန်း ကလည်း ပြောသည်။

မလေးရှားနိုင်ငံသည် ဒုက္ခသည်ဆိုင်ရာ ပဋိညာဉ်စာတမ်းကို အတည်ပြု လက်မှတ်ထိုးထားသော နိုင်ငံ တနိုင်ငံ ဖြစ်သည့်အတွက် အစိုးရအနေနှင့် အလုပ်သမားဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့၏ ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်စဉ်းစား သင့်ကြောင်း FIDH နှင့် SUARAM အဖွဲ့၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထို့အပြင် ယခုဖမ်းဆီးခြင်းသည် အထောက်အထား ခိုင်လုံမှုမရှိကြောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ များနှင့် မကိုက်ညီသောကြောင့် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းကို မကျင့်သုံး သင့်ကြောင်း FIDH အဖွဲ့က မလေးရှား အာဏာပိုင်များကို တိုက်တွန်းထားသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

“အခုအချိန်မှာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေပေါ်မှာအခြေခံပြီး ပြည့်စုံတဲ့ ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ မူဝါဒတွေ ရေးဆွဲပေါ်ပေါက်သင့်နေပါပြီ”ဟုလည်း FIDH အဖွဲ့ ဒုတိယ အကြီးအကဲ က ပြောဆိုသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form