ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုဝင်များကို စတင်၍ ကန့်သတ်ချက်နှင့် နေအိမ်ပြင်ပသို့ သွားခွင့် ပြုပြီဖြစ်ကြောင်း ခိုင်လုံသည့် ရန်ကုန်သတင်းရင်းမြစ်တခုက ဧရာဝတီသို့ ပြောကြားလိုက်သည်။
ထောက်လှမ်းရေးထိပ်သီးခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦးခင်ညွန့်နှင့် ၎င်း၏မိသားစုဝင်များသည် ရွှေတိဂုံ စေတီတော် အပါအဝင် တခြားသော ဘာသာရေးဆိုင်ရာ နေရာများသို့ သွားခွင့်ရပြီဖြစ်ကြောင်း သတင်း ပေးသူက ပြောသည်။
ရာထူးမှဖယ်ရှားခံရပြီဖြစ်သော ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်းကြီး ဦးခင်ညွန့်သည် ယခုအခါ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများကိုပင် မရိတ်ပယ်တော့ဘဲ ၎င်းကိုယ်တိုင်ထူထောင်ခဲ့သည့် ရန်ကုန်တောင် ပိုင်းခရိုင် သန်လျင်မြို့ရှိ ဖားအောက်တောရ ဝိပဿနာရိပ်သာတွင် တရားသွားထိုင်လေ့ရှိကြောင်း မျက်မြင်သက်သေတဦးကပြောသည်။
ဦးခင်ညွန့်၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်ခင်ဝင်းရွှေသည်လည်း ယခင်လက ရွှေတိဂုံဘုရားသို့သွားရောက်ပြီး ကုသိုလ်ကောင်း မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ ဒေါ်ခင်ဝင်းရွှေနှင့်အတူ အမျိုးသမီးအပေါင်းအပါ များ ပါလာကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအခါ အသက်၆၉နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် ၂၀၀၄ခုနှစ်အောက်တိုဘာလက အာဏာဖီဆန်မှု၊ အကျင့်ပျက်လာဘ် စားမှုတို့ဖြင့် ရာထူးမှဖယ်ရှားကာ နေအိမ်အကျယ်ချုပ်ချထားခြင်း ခံခဲ့ရသည်။ ဦးခင်ညွန့်၏ ပြစ်မှုများအတွက် ၄၄နှစ်ပြစ်ဒဏ် ကျခံစေရမည်ဟု ၂၀၀၅ခုနှစ်က စီရင်ချက်ချခဲ့ပြီးနောက်ပိုင်းတွင် ဦးခင်ညွန့် နှင့် မိသားစုဝင်များကို ရန်ကုန်ရှိ ၎င်း၏ဇိမ်ခံ နေအိမ်ကြီး၌ အစောင့်အကြပ်များ တင်းကျပ်စွာချ၍ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
၎င်းကိုချမှတ်သောပြစ်ဒဏ်နှင့် ပတ်သက်၍ လေ့လာသူတို့က ပြစ်ဒဏ်ပေါ့လျော့လွန်းသည်ဟု သုံးသပ်ခဲ့ကြသည်။
ယခုကဲ့သို့ ဦးခင်ညွန့်ကို အကန့်အသတ်ဖြင့် အပြင်ပေးထွက်ခြင်းမှာ ၎င်းအနေနှင့် လက်ရှိစစ်အစိုးရကို ဆက်လက်ဒုက္ခမပေး တော့ဟု ယူဆသောကြောင့်ဖြစ်နိုင်ကြောင်း သတင်းပေးသူက သုံးသပ်သည်။
“နအဖစစ်အစိုးရက ဦးခင်ညွန့်ကို ဒုက္ခပေးမယ့်သူမဟုတ်တော့ဘူးလို့ တွက်ထားပုံရတယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်ရှိဗိုလ်မှူးများထံမှ ကြားရသောသတင်းစကားများအရ လက်ရှိစစ်အစိုးရသည် ပြင်ဦးလွင်မြို့ အနီးတွင် ဆောက် လုပ်လျှက်ရှိသော ဆိုက်ဘာစီးတီးအတွက် ဦးခင်ညွန့်ထံမှ အကူအညီတောင်းခံခဲ့သည်ဟု သိရသည်။ ဆိုက်ဘာစီးတီးကို ရတနာပုံတယ်လီပို့ ဟုအမည်ပေးထားပြီး ၎င်းနေရာနှင့်အနီးတဝိုက် တွင် လက်ရှိစစ်ဗိုလ်ချုပ်ကြီးများအတွက် ဇိမ်ခံအိမ် ကြီးများ ဆောက်လုပ်လျှက်ရှိသည်။
သို့ရာတွင် နအဖ၏ အကူအညီတောင်းခံမှုကို လိုက်လျောရန်အတွက် ထောက်လှမ်းရေး ခေါင်းဆောင် ဟောင်းကြီးက မြန်မာ နိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေသော ၎င်း၏လူများကိုပါ လွတ်မြောက်ခွင့်ပေးရန် ပြန်လည်တောင်း ဆိုသည်ဟု ကြားသိရသည်။
“ဦးခင်ညွန့်နဲ့ ဆွေးနွေးတဲ့ကိစ္စ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ သူက သူ့လူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆို တယ်လေ” ဟု သတင်းပေးသူက ပြောသည်။
၂၀၀၄ ခုနှစ်အောက်တိုဘာလက စစ်ထောက်လှမ်းရေးဌာနချုပ် OCMI ကို ဝင်ရောက်စီးနင်းကာ စစ်ထောက်လှမ်းရေးအရာရှိ မြောက်မြားစွာကို ထိန်းသိမ်း၍ နှစ်ရှည်ပြစ်ဒဏ်အသီးသီး သတ်မှတ်ခဲ့သည်။ ထင်ရှားသော OCMI ခေါင်းဆောင်များကို သုတ်သင်ဖယ်ရှား၍ ဖမ်းဆီးခဲ့သော်လည်း ဗိုလ်ချုပ်ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ နှစ်ဦးကိုမူဖမ်းဆီးမှုမရှိသော ကြောင့် ရန်ကုန်တွင် ဆက်လက်နေထိုင်လျှက် ရှိသည်။
ဒုတိယထောက်လှမ်းရေးမှူးဟောင်းတဦးဖြစ်သူ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်ကျော်ဝင်းအနေနှင့် လက်ရှိနအဖ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (ယခင်စစ်ထောက်လှမ်းရေးဌာန) အတွက် အတိုင်ပင် ခံတဦးအဖြစ် ပူးပေါင်း အလုပ်လုပ်ကိုင်နိုင်ဖွယ်ရှိသည်။
လက်ရှိကာကွယ်ရေးဝန်ကြီးဌာနကို ဦးစီးသူမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေဖြစ်ပြီး ၎င်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်သတ်မွေး ထားသော တပည့်ရင်းဖြစ်သည်။ လေ့လာသူတို့ကမူ ကာကွယ်ရေးဝန်ကြီးဌာန အနေနှင့် ၎င်းတို့၏ အာဏာနှင့် မြန်မာပြည် သူလူထုကို ခြိမ်းခြောက်နိုင်သည့် စွမ်းအားများ တဖန်ဆုံးရှုံးရန်မြင်နေသည် ဟုသုံးသပ်သည်။
ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း