ရွှေတိဂုံ ကုန်းတော်ထက် ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုဖြစ်

အောင်သက်ဝိုင်း ဧရာဝတီသတင်းဌာန

ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်တွင် တပေါင်းလပြည့်နေ့ညက လူတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ် ခန့်က ရွှေတိဂုံဘုရား သောကြာထောင့်၌ အသက် ၃၀ ကျော် လူငယ်တဦး ဆီမီးခွက်မှ မီးဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးရှို့ခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားရှိ ပန်းသည်များက ပြောသည်။

“အခင်းဖြစ်တဲ့အချိန်က ဘုရားပေါ်မှာ လူတွေအများကြီးရှိနေတယ်၊ ပထမ လူတွေက မီးလောင်တယ်ဆိုပြီး ပြေးကြတယ်၊ ကျမတို့လည်းမီးဆိုတော့ ရေပုံးတွေဆွဲပြီး ပက်ဖို့ပြေးကြတယ်၊ ရဲတွေ၊ မီးသတ်တွေ ရောက်လာပြီး ဘုရားမုခ်တွေအကုန် ပိတ်လိုက်တယ်၊ နောက်တော့မှ သိတယ်၊ ကိုယ့်ကိုယ်ကိုယ်မီးရှို့တာဆိုတာကို”ဟု ရွှေတိဂုံ မြောက်ဘက်မုခ်တွင် ပန်းရောင်း နေသူတဦးက ဆိုသည်။

ရွှေတိဂုံဘုရား တံမြက်စည်းလှည်းအသင်းဝင် တဦးကလည်း“မီးလောင်တာ ၁၀ မိနစ်လောက်တော့ ရှိမယ်၊ လူတွေက အကုန်ရုတ်ရုတ်သဲသဲပြေးကြတယ်၊ ရဲတွေကလည်း ပထမ ဆန္ဒပြတယ်ထင်ပြီး ၀ီဆီတွေမှုတ်ပြီး ဘုရားကိုပိတ်လိုက်တာ၊ နာရီဝက်လောက်ကြာမှ ဘုရားကို ပြန်ဖွင့်တယ်၊ ဘုရားပေါ်မှာ နာရီဝက် လောက် ပိတ်မိနေတဲ့ ဘုရားဖူး ငါးရာလောက်တော့ ရှိမယ်ထင်တယ်”ဟု ဆိုသည်။

ကိုယ့်ကိုယ်ကိုယ် မီးရှို့သူမှာ အင်္ကျီအဖြူလက်ရှည်နှင့် ယောပုဆိုးကို ၀တ်ဆင်ထားကြောင်း မျက်မြင်တွေ့ရှိသူ ပန်းသည် တဦးက ဆိုသည်။

အဆိုပါ မီးရှို့သူမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ရ၍ ရဲအစောင့်အရှောက်များနှင့် ထားရှိကြောင်း ရန်ကုန်ဆေးရုံဝန်ထမ်းတဦးက ဆိုသည်။
ယင်းကိုယ့်ကိုယ်ကိုယ် မီးရှို့သူကို ဗဟန်းမြို့နယ်ရဲစခန်းက အများပြည်သူအထိတ်တလန့်ဖြစ်စေမှုဖြင့် ပုဒ်မတပ် အရေးယူ ထားပြီး အသေးစိတ်စစ်ချက်များကို ၄င်းပြန်လည်သတိရလာမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဗဟန်း ရဲစခန်းမှ ရဲတပ်ကြပ် တဦးက ပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form