သင်္ကန်းကျွန်း အန်အယ်ဒီ လူငယ် ၅ ဦး ဖမ်းဆီးခံရ

သန်းထိုက်ဦး မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ ရန်ကုန်တိုင်း သင်္ကန်ကျွန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၅ ဦးအား စစ်အာဏာပိုင်များက ယမန်နေ့က နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

သင်္ကန်းကျွန်း အန်အယ်ဒီ လူငယ်များ ဖြစ်သော ကိုအောင်သန်းထွန်း၊ ကိုအောင်ကျော်၊ ကိုရဲဇော်ထိုက်၊ ကိုတင်ဦးမောင်၊ ကိုခင်စိုးတို့အား စစ်ဖက်လုံခြုံရေးအဖွဲ့ (စရဖ) ဟု ယူဆရသည့် စစ်အာဏာပိုင်များက နေအိမ်များသို့ လာရောက်ကာ ဖမ်းဆီးသွားခဲ့သည်ဟု အဖမ်းခံရသူများနှင့် နီးစပ်သူများအဆိုအရ သိရခြင်း ဖြစ်သည်။

“ကျန်တာတွေ ဘာမှ မပြောဘူးပေါ့နော်။ မေးမြန်းစရာရှိလို့ ဆိုပြီးတော့ ကိုခင်စိုးအိမ်မှာ ရဲကားနှစ်စီးနဲ့ လာပြီးတော့ ခေါ်သွားတာပဲ။ ဘာ မေးမလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ညကပေါ့နော်၊ နောက်ဆုံးအချီမှာ ၁ဝ နာရီခွဲမှာ ကိုခင်စိုးကို နေအိမ်ကနေ မိသွားပါတယ်။ တချို့က နေ့ပိုင်းမှာ မိတယ်။ တချို့က ညပိုင်းမှာ မိတယ်။ ကိုခင်စိုးဆိုရင် ညပိုင်းမှာ မိတယ်။ ကျန်တဲ့ ၄ ယောက်က နေ့ပိုင်းမှာ မိတယ်” ဟု ပြောသည်။

အမည်မဖော်လိုသူ အန်အယ်ဒီ လူငယ်ကလည်း “ဘယ်လိုပြောရမလဲ မသိဘူး။ တော်လှန်ရေးနေ့ကိစ္စနဲ့ပဲ ပတ်သက်လား၊ သူတို့ တဦးတယောက်ချင်းရဲ့ ပုဂ္ဂလိကနဲ့ပဲ ပတ်သက်လား၊ ကျနော်လည်း သေချာအောင် မပြောတတ်သေးဘူး ဖြစ်နေတယ်။ သူတို့ ဘာတွေ လုပ်ထားလဲပေါ့နော်။ အဓိကကတော့ ဒါပါပဲ။ သူတို့ ဘာတွေလုပ်ထားလို့ ဘယ်လိုဖြစ်တာလဲ။ အခုလောလောဆယ်တော့ အစအနလည်း မရသေးဘူး” ဟု ပြောသည်။

ယခုလ ၂၇ ရက်နေ့က ကျရောက်ခဲ့သည့် ၆၃ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီဝင် လူငယ်များက NO ဟု ရေးသားထားသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ မေလတွင် ကျင်းပမည့် ဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် ဆန္ဒဖော်ထုတ်ခဲ့သလို၊ ကန့်ကွက်မဲပေးနည်း သရုပ်ပြပွဲ တရပ်ကိုလည်း ပြုလုပ်ခဲ့သေးသည်။

ကိုရဲဇော်ထိုက်နှင့် ကိုတင်ဦးမောင်တို့ နှစ်ဦးသည် မွန်းလွဲပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ကိုအောင်သန်းထွန်းကိုမူ သူ၏ ဆိုင်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖမ်းဆီးမှုတွင် အဆိုပါ ၅ ဦးအပြင် အမည်မသိသူတဦးပါ ပါဝင်ကြောင်း သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို၊ သူတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form