ချင်းမိုင်။ ။ စစ်တပ်ကြီးစိုးမှုကို အာမခံပေးမည့် အခြေခံဥပဒေမူကြမ်း ရေးဆွဲခဲ့ခြင်းနှင့် ပတ်သက်၍ ၀ါဒဖြန့်ရုပ်ရှင်တခု ရိုက်ကူးရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်ဟု ယုံကြည်ရသော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
နိုင်ငံရပ်ခြား တိုင်းပြည်များ၏ တိုက်တွန်းအကြံပေးမှုကို လက်မခံနိုင်သော နအဖ စစ်အစိုးရ၏ ရပ်တည်ချက်ကို ထင်ဟပ်မည့် ရုပ်ရှင်ကားအတွက် ဒါရိုက်တာနှင့် သရုပ်ဆောင်ရှာဖွေမှုများ လုပ်နေရာ နာမည်ကျော်များကို ခေါ်ယူ အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ရသည်။
ဇာတ်လမ်းမှာ ရွာတရွာတွင် သူကြီးမရှိသည်မှာ အတော်ကြာမြင့်နေရာ သူကြီးရွေးရန်အတွက် ရွာသားများက စီစဉ်ကြသည်။ ထိုသို့ စီစဉ်ရာတွင် ပတ်ဝန်းကျင်ရှိ ကျေးရွာများက သူတို့ ရွာတွင် သူကြီးကို မည်သည့်စံနှုန်းဖြင့် ရွေးသည်၊ ဆယ်အိမ်ခေါင်းကို မည်သည့်စံနှုန်းဖြင့်ရွေးသည် စသည်ဖြင့် ၀င်ရောက် အကြံပြု ပြောဆိုကြသည်။ သို့ သော် ရွာသားများက မည်သည့် အကြံပြုချက်မှ လက်မခံဘဲ သူတို့သဘောကျ ရွေးချယ်လုပ်ကိုင်သည့် ဇာတ်လမ်း ဖြစ်သည်။
တိုက်ရိုက်ညွန်းဆိုခြင်း မဟုတ်သော်လည်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ရေး၊ စစ်တပ်က ခန့်ထားသူများနှင့် စစ်တပ်နောက်ခံရှိသူများ အာဏာဗဟိုချက်နေရာများတွင် ထားရှိရေး၊ စစ်တပ်အသုံးစရိတ်နှင့် ပတ်သက်၍ အရပ်သား အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်နိုင်ခွင့် မရှိစေရေးနှင့် အာဏာသိမ်း လိုသည့်အချိန်တွင် အာဏာသိမ်းခွင့်ပြုထားသော စိတ်ကြိုက် ကိုယ်စားလှယ်အများစုဖြင့် ရေးဆွဲခဲ့သည့် စစ်အစိုးရက အတည်ပြုလိုသော ဖွဲ့ စည်းအုပ်ချုပ်ပုံမူကြမ်း ရေးဆွဲခြင်းကို ပြောဆိုခြင်း ဖြစ်သည်။
"ဒါ ဒို့ရွာ၊ ဒို့ရွေးချင်တဲ့ စံနဲ့ရွေးမှာပဲဆိုရင်၊ နိုင်ငံတွေ ဖွဲ့စည်းပုံကိုလည်း၊ ဒါ ငါ့အုပ်ချုပ်နေတဲ့ နိုင်ငံ ငါလုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောပဲ" ဟု ရုပ်ရှင်လောကသားတဦးက ပြောသည်။
ယင်းဇာတ်ကားကို မတ်လအတွင်း အပြီးရိုက်ကူးသွားမည်ဖြစ်ပြီး မေလတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြ၀တီ အစရှိသည်တို့မှ ထုတ်လွင့်ပြသသွားမည်ဟု သိရသည်။
စစ်အစိုးရသည် ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးသည့် စစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ တွေ့ ဆုံဆွေးနွေးပြီး၊ တိုင်းရင်းသားခေါင်းဆောင်များပါ ပါဝင်မည့် တိုင်းပြည်ပြသနာကို အဖြေရှာခြင်းကို အစွမ်းကုန် ပယ်ချထားသည်။ ထို့ အပြင် စိတ်ကြိုက် ရေးဆွဲခဲ့သည့် ဖွဲ့ စည်းပုံမူကြမ်းကို အတည်ပြုကာ နောက်ထပ် ရွေးကောက်ပွဲအသစ်တခု လုပ်မည်ဟု စစ်အစိုးရက ပြောကြားပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ခေါင်းဆောင်ဖြစ်သည်။ သို့ သော် သူမကို နောက်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မပါဝင်ရဟု စစ်အစိုးရက ကြိုတင်သတ်မှတ်ထားပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း လစ်လျှူရှုထားသည်။
မဇ္ဈိမသတင်းဌာန

Tags
သတင်း