အခြေခံဥပဒေ မူကြမ်း အများပြည်သူသိမြင်ရန် ထုတ်ဝေသင့်ဟု အန်အယ်လ်ဒီပြော

မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအသစ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရအား ဝေဖန်သည့် အထူး ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

ကြေညာချက် အမှတ် (၃/၀၃/၀၈)ဖြင့်ထုတ်ပြန်သော ယနေ့ကြေညာချက်၌ စစ်အစိုးရက လာမည့်မေလတွင် အခြေခံဥပဒေ မူကြမ်း အတည်ပြုဆန္ဒခံယူပွဲကျင်းပမည်ဆိုသော်လည်း ယင်းအခြေခံဥပဒေကို အများပြည်သူ သိရှိနိုင်ရန် ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးသည်ကို ရေးသားဖော်ပြထားကြောင်း အန်အယ်လ်ဒီ ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

“အစိုးရက ဆန္ဒခံယူပွဲ ဥပဒေကို ထုတ်ပြန်ထားတယ်ဆိုပေမယ့်လည်း ကျနော်တို့အခုအချိန်အထိ လက်တွေ့ မှာဘယ်လို သတ်မှတ်ပြဌာန်းထားတယ်ဆိုတာကို မမြင်ရသေးပါဘူး၊ ဒါကိုလည်း ကျနော်တို့ ကြေညာချက်မှာ တောင်းဆို ထားပါတယ်” ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

အများပြည်သူအနေဖြင့် ၎င်းတို့ ဆန္ဒမဲပေးရမည့် အခြေခံဥပဒေမူကြမ်းကို အသေအချာဖတ်ရှုသိရှိရန်လိုအပ်ကြောင်း၊ ယင်းသို့ ဖတ်ရှု သိရှိပြီးမှသာလျင် ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုသည်။

အဆိုပါ အန်အယ်လ်ဒီ၏ ကြေညာချက်သည် ထိုင်းဝန်ကြီးချုပ် စမတ်ခ် စွန်ထော်ရဝဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ နေချိန်အတွင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းဝန်ကြီးချုပ် စမတ်ခ်သည် ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နေပြည်တော်တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံကြောင်းသိရသည်။

ဝန်ကြီးချုပ်စမတ်ခ် မြန်မာနိုင်ငံသို့ မလာရောက်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နပ်ပဒွန်ပတ္တမာက မြန်မာနိုင်ငံအပေါ် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ကြောင်းနှင့် စစ်အစိုးရက မေလတွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း အတည်ပြုဆန္ဒခံယူပွဲကို ကူညီရန် ထိုင်းအစိုးရအနေဖြင့် အသင့်ရှိကြောင်းသတင်း ထောက်များကို ပြောခဲ့သည်။

“ထိုင်းနိုင်ငံက မြန်မာကို အရေးယူပိတ်ဆို့တာကို သဘောမတူပါဘူး၊ တကယ်လို့ မြန်မာအစိုးရကသာ အကူအညီ လိုခဲ့ရင် အိမ်နီးချင်းမိတ်ဆွေနိုင်ငံအတွက် ကျနော်တို့ အဆင်သင့်ရှိပါတယ်”ဟု နပ်ပဒွန် က ပြောကြားခဲ့ခြင်းဖြစ် သည်။

ယခု ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် တရက်တာ ခရီးစဉ်သည် နှစ်နိုင်ငံ စီးပွားရေးကိစ္စတခု တည်း အတွက် လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားဆက်ဆံရေးတွင် စီးပွားကုန်သွယ်ရေး တခုတည်း မဟုတ်ကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“တခုတည်းသော နယ်စပ်ချင်း ရှည်လျားစွာထိစပ်နေတဲ့ ထိုင်းနိုင်ငံအနေနဲ့ အခုအချိန်မှာ အိမ်နီးချင်းကောင်း အဖြစ်ပြောဆို နေတာဟာ မြန်မာနိုင်ငံကို စစ်အစိုးရလက်အောက်မှာ ဒုက္ခခံနေစေချင်တဲ့ သဘောသက်ရောက် ပါတယ်” ဟုလည်း ၎င်းက ထည့်သွင်း ပြောကြားလိုက်သည်။

ကိုစိုး ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form