အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ၎င်း၏အိမ်ဖြူတော်တွင် အမျိုးသမီး သုံးဦးအတွက် ဂုဏ်ပြုလက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က မြန်မာအမျိုးသမီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုလွတ်မြောက်ရေး အတွက် ဆောင်ရွက်နေသော ကမ္ဘာသိအမျိုးသမီးသုံးဦးကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် ၎င်းတို့၏ ကြိုးပမ်းမှုများအတွက် ဆက်လက်ကူညီပေးသွားမည်ဟု ကတိပေးပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနတွင် ရေးသားဖော်ပြ ထားသည်။
ဘုရှ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထောင်တွင်းအကျဉ်းကျနေသည့် ဘီလာရုစ်နိုင်ငံ အတိုက်အခံ ခေါင်းဆောင် အလက်ဇန်းဒါးကိုဇူလင်၏ဇနီး အိုင်ရီနာနှင့် ကျူးဘားအစိုးရကို ဆန့်ကျင်တိုက်ခိုက်လျှက်ရှိသော အမျိုးသမီးခေါင်းဆောင် မာတာဘိထရမ်ဇ် ရိုကွီကာဘယ်လိုတို့ သုံးဦးကို ချီးကျူးဂုဏ်ပြုကြောင်း တနင်္လာနေ့ကပြောကြား လိုက်သည်။
ထိုအမျိုးသမီးသုံးဦးတွင် အိုင်ရီနာ (၄၈နှစ်) သည် ယခင်လက ကင်ဆာရောဂါနှင့် ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ရိုကွီကာ ဘယ်လိုမှာ လည်း ကတ်စ်ထရို၏ မြေအောက်အကျဉ်းစခန်းတွင် မကျန်းမမာ နာဖျားလျှက်ရှိသည်ဟု ဆိုသည်။
“ဒီအမျိုးသမီးသုံးဦးကို ဥပမာယူဖို့ အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းလိုပါတယ်။ ကျနော်တို့အနေနဲ့ သူတို့အပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ လူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ ဘယ်အမျိုးသမီးတွေကိုမဆို အလုပ်တွေဆက်လုပ်နိုင်ဖို့ ပံ့ပိုးပေးသွားမှာပါ” ဟု ဘုရှ်ကပြောသည်။
အမေရိကန်သမ္မတအနေနှင့် အိမ်ဖြူတော်တွင်ကျင်းပသော သမိုင်းဝင်အမျိုးသမီးများအထိမ်းအမှတ်ပွဲတွင် အထက်ပါ မှတ်ချက်ကို ပေးသွားခြင်းဖြစ်သည်။
ထောင်တွင်းအကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် အလက်ဇန်းဒါးကိုဇူလင်ကို ဇနီးသည်၏ အသုဘအခန်း အနားသို့ တက်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည့်အတွက် အမေရိကန်သမ္မတက ဘီလာရုစ် အစိုးရအား လူမဆန်သည့် လုပ်ရပ်ပြုမူသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။
ဆက်လက်၍ ဘုရှ်က အလက်ဇန်းဒါးကိုဇူလင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးသင့်ကြောင်း ဘီလာရုစ်အစိုးရကို တောင်းဆိုထားသည်။
“ကတ်စ်ထရိုရဲ့စစ်အစိုးရအနေနဲ့ တခြားတယောက်ကို အာဏာလွှဲမပေးမချင်း ကျူးဘားနိုင်ငံအနေနဲ့ လွတ်မြောက်ရေး ရဖို့မမြင်ဘူး” ဟု ကျူးဘားစစ်အစိုးရကို ရဲရင့်စွာဝေဖန်ပြောဆိုသဖြင့် မြေအောက် အကျဉ်းစခန်းတွင် အကျဉ်းချခံနေရသော ရိုကွီကာဘယ်လိုကိုလည်း သမ္မတဘုရှ်က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။
အေးချမ်းမြေ့ ဧရာဝတီ သတင်းဌာန မှ
Tags
သတင်း