UN /NEJ ၁၉ မတ် ၂၀၀၈
မြန်မာစစ်အစိုးရကျင်းပမည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲတို့သည် အများယုံကြည်လက်ခံ
မှ မြန်မာနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များ၌ တတ်နိုင်သရွေ့အားလုံး ပါဝင်မှု ရှိစေရန်နှင့် အချိန်မဆွဲဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆွေးနွေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီက ယမန်နေ့၌ လုံခြုံရေးကောင်စီတွင် ပြော ကြားသည်။
၎င်းက “လူထုဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ဆိုတာ အရပ်သားအုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီအုပ်
ချုပ်ရေးကို ကူးပြောင်းမယ့် မှတ်တိုင်တွေဖြစ်တယ်။ ဒီဟာတွေဟာ သူ့ဘာသာသူ အဆုံးသတ်
သွားမှာ မဟုတ်ဘူး။ အောင်မြင်ဖို့အတွက်ဆိုရင် တိုင်းပြည်ရဲ့ အကူးအပြောင်းမှာ ကျယ်ကျယ် ပြန့်ပြန့် နဲ့ လွတ်လွတ်လပ်လပ် ပါဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံရေးအခြအနေတွေလုပ်
ဖို့ လိုအပ်တယ်။ ဒါမှသာ အားလုံးဟာ သူတို့ တိုင်းပြည်ရဲ့အနာဂတ်မှာ အတူပူးပေါင်းလုပ်ကိုင်
သူတွေ ဖြစ် လာမှာပါ” ဟုပြောသည်။
မတ် (၆) ရက်မှ (၁၀) ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီသည်
၎င်း၏ ခရီးစဉ်အတွင်း သိသာထင်ရှားသည့်အကျိုးရလဒ်တစုံတရာ မထွက်လာသဖြင့် စိတ်
ပျက်မိကြောင်းလည်း ပြောသည်။
ခရီးစဉ်၌ ကုလသမဂ္ဂအမှုထမ်းများ၊ သံတမန်များ၊ အစိုးရအရာရှိများအပါအ၀င် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံခဲ့ သော်လည်း နအဖခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်
များ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ခွင့်မရခဲ့ပေ။
ပြီးခဲ့သည့် (၂) နှစ်ကျော်အတွင်း ကုလသမဂ္ဂ၏ အားထုတ်မှုတခုလုံးကိုပြန်ကြည့်ရန် အရေးကြီး ကြောင်း၊ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းရေးဆွဲပြီး မေလ၌ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန်စီစဉ်
မှု၊ ၂၀၁၀ ၌ ပါတီစုံရွေးကောက်ပွဲ ပြုလုပ်ရန်စီစဉ်မှုတို့ကို မစ္စတာဂမ်ဘာရီက ထောက်ပြ၍ နအဖ ၏ ဒီမိုကရေစီရေးလမ်းပြမြေပုံ တိုးတက်မှုရနေသည်ဟု ပြောသည်။
“လွန်ခဲ့တဲ့ (၂) နှစ်က ကုလသမဂ္ဂနဲ့မြန်မာအကြားမှာ အဆင့်မြင့်တွေ့ဆုံမှုမျိုး မရှိခဲ့ပါဘူး။ အလားတူ လွန်ခဲ့တဲ့ (၆) လတုန်းကလည်း အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြားမှာ တွေ့ဆုံဆွေးနွေးမှု တိုးတက်စေမယ့် နည်းလမ်းမရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် ပိုမိုအားစိုက်လုပ်ဆောင်ရန် မြန်မာခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးနေသည့် တခုတည်း သော နိုင်ငံတကာအဖွဲ့ ဖြစ်ပြီး အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ခွင့်ရနေသည်
ဟု မစ္စတာဂမ်ဘာရီက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ နအဖ သံအမတ် ဦးကျော်တင့်ဆွေက မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ မစ္စတာ ဂမ်ဘာရီတို့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် နိုင်ငံတကာတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုမရှိကြောင်း ပြောကြား သည်။
လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးနေချိန်တွင် နအဖ၏ အခြေခံဥပဒေကို ကောင်စီအနေ ဖြင့် အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ်များက ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို အောက်လွှတ်တော်၌ တင်သွင်းလျက်ရှိသည်။
ခေတ်ပြိုင်သတင်းဌာန

Tags
သတင်း