အမျိုးသမီးများ လမ်းလျှောက်နေကြသည်။ မြို့ရိုးဟောင်းကြီးက အင်္ကျီအဖြူဝတ် မိန်းမကြီးကြီးငယ်ငယ်တို့ကို နောက်ခံပြု ထားသည်။ ညနေစောင်းနေရောင်လက်ကျန်က လမ်းလျှောက်နေသော သူတို့ကို မည်သည့် အနှောင့်အယှက်မှ ပေးနိုင်ပုံမရ။ ပျော်ရွှင်တက်ကြွလန်းဆန်းစွာ အော်ဟစ်နေသော သူတို့၏အသံများက လမ်းမကြီးပေါ်တွင် လွှမ်းခြုံနေသည်။
ထိုနေ့သည် မတ်လ၈ရက်နေ့ဖြစ်ပြီး နိုင်ငံတကာ အမျိုးသမီးများနေ့လည်းဖြစ်သည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် အမျိုးသမီး ၂၀၀ ကျော်ခန့်စုပေါင်းပြီး လမ်းလျှောက်ကာ အလုပ်လုပ်နေကြသည့် အမျိုးသမီးများအတွက် အခွင့်အရေးများကို လက်သီး လက်မောင်းတန်း၍ တောင်းဆိုကြခြင်းဖြစ်သည်။
ထိုနှစ်ရာကျော်တွင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့အစည်း အသီးသီးမှ မြန်မာအမျိုးသမီးများ၊ ထိုင်း နိုင်ငံသူများ၊ ထိုင်းနိုင်ငံရောက် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများပါဝင်သည်။
ယခုနှစ် မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကို “အလုပ်လုပ်နေသည့် အမျိုးသမီးများ အတွက် လမ်းလျှောက်ခြင်း” ဟု အမည်ပေးထားပြီး ပြီးခဲ့သည့် ရွှေဝါရောင်စက်တင်ဘာအရေး အခင်းကာလက ငြိမ်းချမ်းစွာ ဆန္ဒပြလမ်းလျှောက်ခဲ့သူများကို ဂုဏ်ပြုသည့်အနေဖြင့် လမ်းလျှောက်ခြင်း ဆိုသည့် စာသားကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ကြောင်း ချင်းမိုင်အခြေစိုက် Migrant Assistance Program (MAP) ၏နှီးနှောဖလှယ်ပွဲ ကိုယ်စားလှယ်တဦးဖြစ်သူ မစုစုက ပြောပြသည်။
“စက်တင်ဘာတုန်းက ငြိမ်းချမ်းစွာဆန္ဒပြလမ်းလျှောက်ခဲ့တဲ့ သံဃာတော်တွေကို အမျိုးသမီးတွေက ဘေးကနေလက်ချိတ်ပြီး အကာအကွယ်ပေးခဲ့တယ်။ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် အလုပ်လုပ်နေတဲ့အမျိုးသမီး အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် ဒီနှစ်ကျမတို့လုပ်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲရဲ့ ဆောင် ပုဒ်ကို ခုလို သတ်မှတ်ခဲ့ပါတယ်” ဟု မစုစုက ဧရာဝတီသို့ပြောပြသည်။
ယခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ရည်ရွယ်ချက်မှာ အလုပ်လုပ်နေသော အမျိုးသမီးများအတွက် အဓိကထား ခြင်းဖြစ်ပြီး အထူးသဖြင့် အလုပ်ဟုသတ်မှတ်မခံရသော အိမ်ထောင်ထိန်းသိမ်းမှုလုပ်ငန်း များ၊ အိမ်ဖော်လုပ်ငန်းများအား ခံစားခွင့်များကင်းမဲ့စွာ အနှိမ်ခံလုပ်ကိုင်နေရသည့် အမျိုးသမီးများအတွက် အခွင့်အရေးများကို အဓိက တောင်းဆိုသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဓိကအားဖြင့် အမျိုးသမီးများလုပ်နေသည့်အလုပ်များအားလုံးကို မည်သည့်အလုပ်မဆို အလုပ်ဟုသတ် မှတ်ပေးရမည် ဖြစ်ကြောင်း ယခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် တောင်းဆိုထားသည်။ အိမ်ဖော် များဆိုလျင် သတ်မှတ်ထား သည့် တိကျသော လစာမရှိ၊ ဆေးကုသခွင့်မရှိ၊ ပင်စင်ခံစားခွင့်မရှိ၊ နားရက်မရှိ စသည်ဖြင့် အခွင့်အရေးများ မရှိသလောက် နည်းပါးသဖြင့် နိုင်ငံအသီးသီးမှ အမျိုးသမီးများက ၎င်းအိမ်တွင်း မှုအလုပ်သမားများကို အလုပ်သမားဟုသတ်မှတ်ကာ အလုပ်သမားဥပဒေထဲတွင် ထည့်သွင်း ရေးဆွဲသွားရန် တောင်းဆိုထားသည်။
“မနှစ်ကတော့ လိင်အလုပ်သမတွေအတွက် အခွင့်အရေးကိုအဓိကထားတယ်။ ဒီနှစ်ကတော့ အိမ်တွင်းအလုပ်သမတွေ အတွက် အဓိကထားတောင်းဆိုထားပါတယ်” ဟု စာရေးဆရာမမေငြိမ်းက ပြောပြသည်။
ဆက်လက်၍ ၎င်းက အမျိုးသမီးအခွင့်အရေးဆိုသည်မှာလည်း လူ့အခွင့်အရေးတရပ်ပင်ဖြစ်ကြောင်းနှင့် သူ့နေ့အလိုက် သတ်သတ်မှတ်မှတ်တောင်းဆိုခြင်းဖြင့် ပိုမိုအဓိပ္ပာယ်ရှိသည်ဟု ယူဆကြောင်း ဆက်ပြော သည်။
“ကျမအနေနဲ့ လမ်းလျှောက်တယ် ဆိုတာကိုသဘောကျတယ်။ ဒီနှစ်ဆောင်ပုဒ်ပေါ့။ ခါတိုင်းနှစ်တွေထက် ပိုလျှောက်မယ် ဆိုတော့ ပထမငါလျှောက်မှလျှောက်နိုင်ပါ့မလားလို့ ထင်မိတယ်။ ဒါပေမယ့် စက်တင်ဘာတုန်း ကမိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့တဲ့ သံဃာတော်တွေနဲ့ လူထုကြီးကို မြင်ယောင်ကြည့်လိုက်တော့ ကျမတို့ ကဘာမှမဟုတ်တော့ဘူးလေ” ဟု စာရေးဆရာမမေငြိမ်းကဆက်လက်ပြောပြသည်။
ကမ္ဘာအရပ်ရပ်တွင် အမျိုးသမီးနှင့် အမျိုးသားကိုခွဲခြားဆက်ဆံနေဆဲဖြစ်ပြီး တချို့နေရာများတွင် ဖိနှိပ်ချုပ်ချယ်မှုများ မတရားညှဉ်းပန်းမှုများရှိနေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း စစ်အုပ်ချုပ်ရေးနှင့် စစ်သား လွှမ်းမိုးသောနိုင်ငံဖြစ် သဖြင့် အမျိုးသားကြီးစိုးသောနိုင်ငံတနိုင်ငံဖြစ်ရာ အစိုးရအရာရှိပိုင်းတွင် ယောက်ျားနှင့် မိန်းမနှိုင်းယှဉ်ရွေးချယ်ရန် လိုအပ် လာပါက အမျိုးသမီးများမှာ ဒုတိယဦးစားပေး အဆင့်တွင်သာရှိနေကြောင်း အစိုးရဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာမမေငြိမ်းကဆက်ပြောသည်။
“ယှဉ်စရာမရှိဘူးဆိုရင်တော့ မိန်းမတွေရတာရှိပါတယ်။ ဒါပေမယ့် အရမ်းနည်းတယ်။ ဥပမာ ပါမောက္ခချုပ်ရာ ထူးဆိုရင် ခုထိမိန်းမဘယ်တော့မှ မရဘူး” ဟု ပညာရေးဝန်ထမ်းတဦးဖြစ်ခဲ့ဖူးသည့် ၎င်းကရှင်းပြသည်။
“တကယ်တော့ မိန်းမတွေကလည်း ဒီလိုနေရာမျိုးနဲ့ ထိုက်တန်အောင်ကြိုးစားပြီး ဒီလိုနေရာမျိုးကို ငါတို့လည်း ရနိုင်ပါလား ဆိုတာသိရမယ်။ တောင်းဆိုနိုင်ရမယ်” ဟု သူကဆိုသည်။
မြန်မာနိုင်ငံအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးလုပ်သဖြင့် အကျဉ်းချခံနေရသည့် အမျိုးသမီးများ၊ ထွက်ပြေးတိမ်းရှောင်နေရသည့်အမျိုးသမီးများစွာရှိနေသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်သော မတ်လ ၈ ရက်နေ့တွင် ထိုအမျိုးသမီးများကို လုံးဝလွတ်လပ်ခွင့်ပေးရန် နိုင်ငံတကာရှိအမျိုးသမီးများ က တောင်းဆိုထားသည်။
ထို့ပြင် အကျဉ်းချခံနေရသည့် နိုင်ငံရေးသမားခင်ပွန်းသည်များအတွက် ဒုက္ခကိုခါးစည်းခံနေရသည့် ဇနီးသည်များ၊ နိုင်ငံရေး သမားသားသမီးများအတွက် စိုးရိမ်ပူပန်နေရသည့် မိခင်များလည်း များစွာရှိနေပါသည်။
HIV/AIDS ဝေဒနာသည်များကို စောင့် ရှောက်မှုပေးနေသည့် မဖြူဖြူသင်းဆိုလျင်လည်း စစ်အာဏာပိုင်များ၏ ရှာဖွေဖမ်း ဆီးမှုမှ လွတ်ကင်းနိုင်မည့်နေရာ အရပ်ရပ်သို့ ရှောင်တိမ်း ပုန်းခိုနေရသည်။ မိသားစုနှင့် ခွဲခွာနေ ရသည့်အတွက် စိတ်လုံခြုံမှု မရှိသည့်ပြင် ဘယ်အချိန်၊ ဘယ်နေရာ လာဖမ်းလိုက်လေမလဲဟု အမြဲတွေးနေရသဖြင့် ကျီးလန့်စာစားဖြစ်နေရသည်ဟု ဆိုသည်။ ထိုကဲ့သို့ သူကိုယ်တိုင် ပြေးနေပုန်းနေသည့်ကြားကပင် စက်တင်ဘာကိစ္စရပ်နှင့် ပတ်သက်၍ ရှောင်တိမ်း ပုန်းခို နေရသော အခြားအမျိုးသမီးများစွာအတွက် စိတ်မ ကောင်းဖြစ်မိသည်ဟု ပြောသေးသည်။
“တနေရာတည်းမှာ အတည်တကျမဟုတ်ဘဲ ပြောင်းရွှေ့နေရတာဆိုတော့ အဆင်ပြေတယ်တော့ ဘယ်ဟုတ်ပါ့မလဲလေ။ ကိုယ့်အိမ်ကတော့ အကောင်းဆုံးပေါ့” ဟု မဖြူဖြူသင်းက ဧရာဝတီသို့ပြောပြသည်။
မဖြူဖြူသင်းသည် တိမ်းရှောင်ပုန်းအောင်းရင်းကပင် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်၍ ဝေဒနာသည်များ အတွက် အလုပ်လုပ်နေဆဲဖြစ်သည်။
“စိတ်မကောင်းအဖြစ်ဆုံးကတော့ ဝေဒနာသည်တွေနဲ့ မတွေ့ရတာဘဲ။ သူတို့ကလည်းကျမကို အရမ်းတွေ့ချင်ကြတယ်။ အထူးသဖြင့် နောက်ဆုံးအချိန်ကိုစောင့်နေရတဲ့သူတွေဆို ကျမကို အရမ်းတွေ့ချင်တယ်လို့ပြောကြတယ်။ အဲဒီအတွက်တော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းကဆက်ပြောသည်။
စက်တင်ဘာအရေးအခင်းနောက်ပိုင်း HIVဝေဒနာသည်များကို စောင့်ရှောက်မှုပေးနေသည့် မဂ္ဂင်ဘုန်းတော် ကြီးကျောင်းကို ဝင်ရောက်ရှာဖွေဖမ်းဆီး၍ ချိတ်ပိတ်လိုက်ရာ မဖြူဖြူသင်းတို့အနေနှင့် ပိုမိုရုန်းကန်လှုပ်ရှားနေ ရသည်ဟုဆိုသည်။ ARV ဆေးတိုက်ကျွေးလက်စ ဝေဒနာသည်များလည်းရှိနေသေးရာ ထိုသူတို့အတွက် ဆေးရရှိရေး၊ ငွေအားလူအားကူညီမှုပေးရေး များစွာလိုအပ်နေစဉ် မဖြူဖြူသင်းက ထွက်ပြေးတိမ်းရှောင်နေရ ခြင်းဖြစ်သည်။
“စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးတွေ ဒုက္ခရောက်နေတယ်၊ လုံခြုံမှုမရှိဘူး၊ အကာအ ကွယ်မဲ့နေတယ်။ အမျိုးသမီးတွေအတွက် အမျိုးသမီးတွေကပဲ ဆောင်ရွက်တာပိုကောင်းပါတယ်” ဟု မဖြူဖြူ သင်းက ဆက်ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် လူထုကအသိအမှတ်ပြုထားသော အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပြီဖြစ်ပြီး စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထားခြင်းကိုခံနေရသည်။ သို့ဖြစ်ရာ လွတ်လပ်သော အမျိုးသမီးများ အနေနှင့် မလွတ်လပ်သေးသော အမျိုးသမီးများစွာအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေချင်သည်ဟု မဖြူဖြူသင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် အမှတ်တရပြော သွားသည်။
“ကျမတို့က ရှောင်ပြေးနေရတယ်ဆိုပေမယ့် မတရားဖမ်းဆီးနှိပ်စက် ထောင်ချခံနေရတဲ့သူတွေ၊ အကျဉ်း ထောင်တွေထဲမှာ ဒုက္ခရောက်နေတဲ့သူတွေနဲ့ ရက်ရက်စက်စက်ပစ်သတ်ခံရတဲ့ သံဃာတော်တွေထက်စာရင် အများကြီးတော်ပါသေးတယ်” ဟု မဖြူဖြူသင်းကပြောသည်။
ယမန်နှစ် ရွှေဝါရောင်အရေးအခင်းတွင် ရဲရဲရင့်ရင့် ရှေ့ထွက်ကာ လှုပ်ရှားခဲ့သဖြင့် အဖမ်းခံခဲ့ရသော အမျိုးသမီးများအတွက် မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့က ရက်ရှည်လှုပ်ရှားမှုတရပ်လုပ်ကာ ကမ္ဘာ့ကုလ သမဂ္ဂသို့ တောင်းဆိုမှုများလုပ်ခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ(WLB) ကိုစတင်တည်ထောင် စဉ်ကပါဝင်ခဲ့ပြီး လက်ရှိတွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ဥက္ကဌ မဆူးပွင့်က ပြောပြသည်။
လူ့အဖွဲ့အစည်းတည်ဆောက်သည့်နေရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အတိအလင်းအသိအမှတ် ပြုပေးရေးနှင့် လူ့အခွင့်အရေးတိုက်ပွဲဝင်နေသည့် အမျိုးသမီးများ၏ နစ်နာဆုံးရှုံးမှုများကို နိုင်ငံတကာက အကာအကွယ်ပေးရန် ကမ္ဘာ့ကုလ သမဂ္ဂသို့ လှုံ့ဆော်စာများပို့ကာတောင်းဆိုမှုများ ပြုလုပ်လျှက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“မြန်မာနိုင်ငံတွင်းက အကျဉ်းကျခံနေရတဲ့ အမျိုးသမီးတွေ၊ ရင်တထိတ်ထိတ်နဲ့ ဘယ်နေ့အဖမ်းခံရမလဲလို့ စိုးရိမ်သောက ရောက်နေတဲ့အမျိုးသမီးတွေ၊ လင်တကွဲသားတကွဲနဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအ တွက် နိုင်ငံတကာက အမျိုးသမီး အဖွဲ့အစည်းတွေလက်တွဲပြီး တပြိုင်နက်တည်း ရက်သတ်မှတ်ပြီး ဆောင်ရွက်သွားကြဖို့လည်း ကျမတို့ တောင်းဆိုထား ပါတယ်” ဟု မဆူးပွင့်ကပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းဆီးခံနေရသော အမျိုးသမီးများ၊ တိမ်းရှောင်ပုန်း အောင်းနေရသော အမျိုးသမီးများနှင့် ပတ်သက်၍ “တခါတလေမှာ ကျမတို့က သူတို့ကို အားပေးနေရတယ်လို့ ထင်စရာ ရှိပေမယ့် သူတို့ဆီကအားပြန်ယူနေရတာမျိုးဖြစ်နေတယ်။ အမျိုးသမီးတွေအနေနဲ့ လူ့အဖွဲ့အစည်းပြောင်းလဲတဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ သူတို့ကို နမူနာပြပြီး ပြောဆို နေရတယ်” ဟု ပြောသည်။
အမျိုးသမီးနှင့် အမျိုးသားတန်းတူအခွင့်အရေးဆိုသည်မှာ ကမ္ဘာအရပ်ရပ်မည်သည့်နေရာတွင်မှ ရှိမနေကြောင်း ၎င်းက ဆက်ပြောသည်။
“အမျိုးသားတွေနိုင်ငံရေးလုပ်တယ်ဆိုရင် လူ့အဖွဲ့အစည်းက စွန့်လွှတ်သူ၊ သူရဲကောင်းလို့မြင်ကြတယ်။ အမျိုးသမီးတွေ ကျတော့ ဇနီးတာဝန်၊ မိခင်တာဝန်မကျေဘူးလို့အထင်ခံရတယ်။ အထူးသဖြင့် အာရှမှာ လူ့အဖွဲ့အစည်းအတွက် အချိန်ပို ပေးချင်တဲ့ အမျိုးသမီးတွေအတွက် ခက်ခဲတယ်” ဟု မဆူးပွင့်ကဆိုသည်။
ထို့ကြောင့် ယခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည့် အမျိုးသမီးများ ကိုမဆို အလုပ်လုပ်နေသည်ဟု သတ်မှတ်ရေးအတွက် အဓိကထားအရေးဆိုကာ လမ်း လျှောက်ရခြင်းဖြစ်သည်ဟုဆိုသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မတိုင်မီကပင် ချင်းမိုင်မြို့တွင် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သည်။ ထိုနှီးနှော ဖလှယ်ပွဲသို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အာရှပစိဖိတ်မှ ကိုယ်စားလှယ်များတက်ရောက် ၍ အမျိုးသမီးများအရေးကိစ္စ အတွက်ဆွေးနွေးခဲ့ကြကြောင်း နှီးနှောဖလှယ်ပွဲတာဝန်ခံ မစုစုကပြောသည်။
ချင်းမိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျင် ခုနစ်နှစ်ရှိပြီ ဖြစ်သည်။
သူတို့လမ်းလျှောက်ကြသည်။ မောပန်းနေသော်လည်း တက်ကြွရွှင်လန်းနေသည်။ ရွှေဝါရောင် လူတန်းကြီး ကိုမြင်ယောင် လျှက်၊ ပြီးတော့ အဖမ်းဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မစုစုနွေးတို့လို ရဲရင့်သည့် အမျိုးသမီးများကို စိတ်ကူးလျှက်၊ ထွက်ပြေးနေရသော မဖြူဖြူသင်းတို့လို အနစ်နာခံ၍ လူမှုရေး ဆောင်ရွက်နေကြသော ဆရာမ သန်းမြင့်အောင် တို့လို၊ မြောက်မြားလှစွာသော ရဲရင့်စွန့်စားသူ အမျိုးသမီးများ ကိုရည်ရွယ်၍…။
သူတို့လမ်းလျှောက်နေကြပါသည်။
အေးချမ်းမြေ့ ဧရာဝတီ သတင်းဌာန မှ

Tags
ဆောင်းပါး