နယူးဒေလီ။ ။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းသည် အဆုတ်ရောဂါနှင့် နှလုံးရောဂါကြောင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ နှလုံးအထူးကုဆေးရုံတွင် ယခုလ ၁ဝ ရက်နေ့မှ စတင်ကာ ဆေးကုသမှု ခံယူနေရသည်။
အသက် ၈၂ နှစ်အရွယ်ရှိ ဆရာကြီး ကြေးမုံဦးသောင်းကို အဆုတ်ထဲတွင် ရေဝပ်နေသည့် ရောဂါနှင့် နှလုံးညှစ်အား ကျဆင်းသည့် ဝေဒနာများ ဖြစ်ပေါ်လာသဖြင့် ယခုတပတ် တနင်္လာနေ့ နံနက်ပိုင်းမှ စတင်ကာ သူ နေထိုင်ရာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ Florida Medical Center နှလုံးအထူးကုဆေးရုံတွင် တင်ထားရခြင်း ဖြစ်သည်။
"အဆုတ်ထဲမှာ ဝင်နေတဲ့ ရေတွေကို ထုတ်နေတုန်း ရှိပါတယ်။ အဆုတ်မှာ ရေဝပ်နေတဲ့ ရောဂါလို့ ဆရာဝန်တွေက ပြောပါတယ်။ အဆုတ်မှာ ရေဝပ်တဲ့အတွက်ကြောင့်၊ နှလုံးက ကောင်းကောင်း မညှစ်တဲ့အတွက်ကြောင့်၊ သွေး ဘာကြောင့် မညှစ်သလဲဆိုတာကို မသိရတဲ့အတွက် အဆုတ်ထဲက ရေတွေ ကုန်သွားမှ နှလုံးကို ပြန်စစ်ရမှာ ဖြစ်ပါတယ်" ဟု ဇနီးသည် ဒေါ်တင်တင်ဝင်းက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး "အတိမ်းအစောင်းမခံတဲ့ အခြေအနေ (Critical Condition) လို့ ပြောတယ်။ မြန်မာလို ပြန်ရင်တော့ ၅ဝ၊ ၅ဝ ပဲ ရှိတယ်လို့ ဆရာဝန်တွေက ပြောတယ်ပေါ့။ အခု အရေးပေါ်အခန်းမှာဆိုတော့၊ စက်တွေနဲ့ဆိုတော့ တည်ငြိမ်တယ်လို့ ပြောရမှာပေါ့။ အစာလည်း ကောင်းကောင်း မစားတော့ ချော့ကျွေးနေရတာပေါ့။ ပိုက်ကလည်း သွင်းပေးနေရတာပေါ့" ဟု ပြောသည်။
ဝါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသောင်းသည် ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
မဇ္ဈိမသတင်းဌာန

Tags
သတင်း