ဒီဇယ်ဈေး စစ်အစိုးရက မြှင့်တင်

ယခုရက်ပိုင်းအတွင်း စစ်အစိုးရက ဒီဇယ်ဆီဈေးထပ်မံမြှင့်တင်လိုက်ပြီး ဒီဇယ်နှင့်ဓာတ်ဆီ လိုင်စင်မဲ့ရောင်းဝယ်မှုများကို ဖမ်းဆီးနေသောကြောင့် စက်သုံးဆီ ဈေးကွက်အတွင်း ဈေးမြင့်တက်သွား၍ ဝယ်ယူရန်ရှားပါးမှုကြောင့် စက်သုံးဆီအသုံးပြုနေသည့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သိရှိရသည်။

အစိုးရက အိတ်စ်ပို့ ဝင်ငွေရှိသူများကို ယခင် ဒီဇယ် တဂါလန် ၃.၅၂ ဒေါ်လာဖြင့် ရောင်းချပေးနေရာမှ မကြာသေးခင်က တဂါလန် ၄ ဒေါ်လာ (ကျပ် ၄၅၀၀ ခန့်) ဈေးမြှင့်ရောင်းချမှုကြောင့် ပြင်ပဈေးကွက်တွင်လည်း ဒီဇယ်ဈေး မြင့်တက်သွားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ဒီဇယ်အရောင်းအဝယ်သမားတဦးက ပြောသည်။

ယင်းသို့ အိတ်စ်ပို့ ဝင်ငွေရှိသူများအနေနှင့် အစိုးရထံတွင် ဒီဇယ်ဆီလျှောက်ထား ဝယ်ယူခွင့်ရရှိပြီး အစိုးရက ကိုယ်တိုင် အသုံးပြုရန်အတွက်သာ ရောင်းချပေးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဒီဇယ်ဆီကို အစိုးရက ဒီဇယ်ဆီသုံးကားများအတွက် ခွဲတမ်းဖြင့်ရောင်းချပေးသော်လည်း တခြားသော စက်သုံးဆီ သုံးစွဲရ သည့် လုပ်ငန်းများအတွက် တရားဝင်ရောင်းချပေးခြင်းမရှိပေ။ ထို့ကြောင့် ဒီဇယ်သုံးစွဲလိုသူများအနေဖြင့် အထက်ပါ အိတ်စ်ပို့ဝင်ငွေရှိသူများ ပြန်လည်ရောင်းချသည့် ပြင်ပဈေးကွက်မှ ဝယ်ယူသုံးစွဲနေကြရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ယင်း ဒီဇယ်၊ ဓာတ်ဆီ တရားမ၀င် ရောင်းဝယ်သူများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နောက်ပိုင်းတွင် လိုက်လံဖမ်းဆီးလျှက် ရှိသောကြောင့် မတ်လ ၂ ရက်နေ့ညနေပိုင်းမှ စတင်ကာ ဓာတ်ဆီ တဂါလန်လျှင် ယခင် ကျပ် ၄၄၀၀ မှ ကျပ် ၅၀၀၀ ဈေးထိ မြင့်တက်သွားသည်ဟု ဆိုသည်။ ဒီဇယ်မှာလည်း တဂါလံလျှင် ကျပ် ၄၆၀၀ ဈေးမှ ယခု ၅၂၀၀ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ စက်သုံးဆီရောင်းဝယ်မှုများအား တားမြစ်ဖမ်းဆီးလိုက်သောကြောင့် ထိုဈေးကွက်မှ စက်သုံးဆီများကို အသုံးပြု နေရသော လုပ်ငန်းများ ထိခိုက်ကြောင်း၊ ငွေပင်ငွေရင်း တတ်နိုင်သောလုပ်ငန်းရှင်များမှာ စက်သုံးဆီ များကိုလိုသလို သိုလှောင်ထားနိုင်ကြသော်လည်း လုပ်ငန်းငယ်များမှာမူ အခက်အခဲဖြစ်ကြရကြောင်း လုပ်ငန်း ရှင်များက ပြောပြသည်။

မီးစက်အသုံးပြုနေရသည့် ကျောက်တံတားမြို့နယ်မှ ကွန်ပျူတာစာစီစာရိုက်နှင့် မိတ္တူကူးဆိုင် ဖွင့်ထားသူ တဦးက “ဖေဖော်ဝါရီလကုန် ရက်တုန်းက အပြင်ဈေး ဓာတ်ဆီတဂါလန်ကို ၄၄၀၀ ဈေးရှိတယ်။ တနလာင်္နေ့ မနက်ကျတော့ တဂါလန် ကို ၅၀၀၀ ဈေးဖြစ်နေပြီ။ ပြီးတော့ ၀ယ်နေကြဆိုင်တွေ တော်တော်များများလည်း ပိတ်ထားတာ တွေ့ရတယ်။ တချို့ တလေပဲ အရဲစွန့်ပြီး ဖွင့်နေတာ”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပုံမှန်မရရှိသောကြောင့် စီးပွားရေးလုပ်ငန်းများမှာ မီးစက်များနှင့် လည်ပတ်နေရပြီး ဒီဇယ် ဓာတ်ဆီအသုံးပြုရေးမှာလည်း ခက်ခဲကြောင်း၊ ယင်းဆီဈေးမြင့်လာသည်နှင့်အမျှ ကုန်ကျစရိတ်များ မြင့်လာကြောင်း အင်တာနက်ကဖေးဆိုင် လုပ်ငန်းရှင် တဦးကလည်း ပြောသည်။

“အင်တာနက် သုံးစွဲခက မီးစက်နဲ့ဆိုရင် စက်တလုံးကို တနာရီကို ၈၀၀ ကျပ် ယူမှ ကိုက်တာ၊ အခုတချို့ဆိုင်တွေမှာ တဂါလန်ကို ၅၂၀၀ ဈေးထိပေးဝယ်နေရပြီဆိုတော့ အင်တာနက်သုံးခလည်း ဒီအတိုင်းပုံမှန်ယူနေလို့ မကိုက်တော့ဘူး” ဟု သူက ပြောပြသည်။

မန္တလေးမြို့မှ ပဲစက်လုပ်ငန်းရှင်တဦးကလည်း ပဲစက်လည်ပတ်ရန်အတွက် လိုအပ်သော ဒီဇယ်ဆီကို မန္တလေးမြို့ထဲတွင် ရှာဝယ်၍ မရသောကြောင့် မန္တလေး-လားရှိုးလမ်းမကြီးပေါ် အောင်ပင်လယ်တွင် ဖွင့်ထားသော အစိုးရ ခွင့်ပြုမိန့်ရဆိုင် များရှိရာ မြို့ပြင်ထိ တကူးတက သွားဝယ်ရကြောင်း ပြောဆိုသည်။

အဆိုပါ ဆိုင်များတွင်လည်း စက်သုံးဆီများကို အစိုးရဈေး တဂါလန်လျှင် ကျပ် ၃၀၀၀ ဈေး နှင့်မဟုတ်ဘဲ ပြင်ပ ပေါက်ဈေး အတိုင်းသာ ရောင်းချနေခြင်းဖြစ်ကြောင်း ၀ယ်ယူသူများ၏ ပြောပြချက်အရ သိရသည်။

“တဂါလန်ကို ကျပ် ၄၀၀၊ ၅၀၀လောက် ဈေးတက်သွားတယ် ဆိုတာ တော်တော်တက်တယ် လို့ပြောရမှာ။ ကျမတို့ဆို စက်လည်မယ်ဆိုရင် တရက်ကို ဂါလန် ၂၀၀ လောက်တော့ အနည်းဆုံး သုံးနေရတာဆိုတော့ ကုန်ကျစရိတ် တော်တော် တက်သွားပြီ၊ ဒီအတိုင်းဆို စက်တောင် မှန်မှန်လည်နိုင်ပါ့မလားမသိဘူး၊ တချို့ပဲစက်တွေဆို ဒီဇယ် ၀ယ်မရလို့၊ မ၀ယ်နိုင် တော့လို့ ဆိုပြီး ရပ်ထားကြတာတွေတောင် ရှိတယ်” ဟု မန္တလေးမြို့မှ ဆီစက် လုပ်ငန်းရှင် တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးတွင် မီးလောင်ကျွမ်းမှုများနေ့ စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိသောကြောင့် ပြင်ပ စက်သုံးဆီ ရောင်းချနေ သော ဆိုင်များကို ကန့်သတ်တားမြစ်ထားခြင်းဖြစ်ပြီး သိုလှောင်ထားသူများအား ဖမ်းဆီးအရေးယူ ရခြင်းဖြစ်ကြောင်း မန္တလေးမြို့ အောင်မြေသာဇံ မှ ရဲ စခန်းမှူး တဦးက ပြောဆိုသည်။

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံများသည်လည်း ယခုအခါ မီးစက်များဖြင့်သာ လည်ပတ်နေရခြင်းဖြစ်ပြီး ၅၀၀ ကေဗီအေ မီးစက်၃လုံးခန့်နှင့် လည်ပတ်ကြရသောကြောင့် ၄င်းတို့ အနေနှင့် တနာရီကို ဒီဇယ်ဂါလန် ၅၀ (တပေပါ) ကုန်ကျ နေကြောင်း တချို့ စက်ရုံများမှာ ဒီဇယ် အခက်အခဲကြောင့်ရပ်ထားရကြောင်း အဆိုပါ စက်ရုံမှ တာဝန်ခံတဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တပြည်လုံးအတိုင်းအတာအားဖြင့် စက်မှုဇုန် ၁၉ ခုရှိပြီး ပုဂ္ဂလိကစက်ရုံ ၄၂၇၀၇ ရုံ၊ အိမ်တွင်း စက်မှု လုပ်ငန်းပေါင်း ၈၅၀၀ နှင့် အစိုးရပိုင်စက်ရုံ ၈၃၃ ရုံ ရှိကြောင်း အစိုးရ၏တရားဝင်ဖော်ပြချက်အရ သိရှိရ သည်။
စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လလယ်ပိုင်းမှ စတင်ကာ ဒီဇယ်နှင့် ဓာတ်ဆီဈေးများကို အစိုးရထုတ်ဈေးယခင် တဂါလန် ကျပ် ၁၅၀၀ ဈေးမှ ဓာတ်ဆီ တဂါလန် ကျပ် ၂၅၀၀ ၊ ဒီဇယ် တဂါလန် ကျပ် ၃၀၀၀ ဈေးနှုန်းထိ တိုးမြှင့်ခဲ့သည်။

ကြည်ဝေ/ကိုစိုး ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form