ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည်များကို လမ်းမကြီးများပေါ်တွင် နေ့လည် ၃ နာရီနောက်ပိုင်းမှ ဈေးရောင်းချခွင့် ပြုထားသဖြင့် ၎င်းတို့၏ ဝင်ငွေထိခိုက်သည့်နည်းတူ ၎င်းဈေးသည်များထံမှ နေ့စဉ်ဝယ်ယူ စားသောက်နေရသော လစာနည်း ဝန်ထမ်းများလည်း ဒုက္ခတွေ့နေရကြောင်း ကြားသိရသည်။
မဟာဗန္ဓုလလမ်းမကြီး၊ အနော်ရထာလမ်းမကြီး၊ ကုန်သည်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နေ့စဉ် အချိန်ပြည့် ရောင်းချနေသော လမ်းဘေးဈေးသည်များကို နံနက်ပိုင်းတွင် ရောင်းချခွင့်မပြုတော့ဘဲ ရောင်းချ သည်ကို တွေ့ရှိပါက စည်ပင်ရဲများက ရိုက်နှက်ဖမ်းဆီးအရေးယူနေကြောင်း ရန်ကုန်အခြေစိုက် ဧရာဝတီသ တင်းထောက်ထံမှ ကြားသိရသည်။
လမ်းဘေးဈေးသည်များအနေနှင့် နံနက်ပိုင်းဈေးရောင်းချလိုလျင် သတ်မှတ်ထားသည့် လမ်းကြားများအတွင်း တွင်သာ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
“လမ်းမကြီးတွေပေါ်မှာမရောင်းရတော့ လမ်းကြားထဲမှာ ပြွတ်သိပ်နေတာလေ။ လမ်းမကြီးထိပ်မှာ စည်ပင်ရဲက ကားကြီးတွေ ရပ်ပြီး အဆင်သင့်ရပ်နေတော့ ဘယ်သူမှ ထွက်မရောင်းရဲကြဘူး”ဟု ၂၆လမ်းတွင်နေထိုင် သူတဦးကပြောပြသည်။ ယခင်က ကုန်ဈေးတန်းထိပ် မဟာဗန္ဓုလလမ်းမကြီးပေါ် သိမ်တော်ကြီးရှေ့တွင် လမ်းဘေးဈေးသည်များနှင့် စည်ကားလျှက်ရှိ သော်လည်း ယခုအခါ နံနက်ပိုင်းတွင် ရှင်းလင်းလျှက်ရှိနေ ကြောင်း ၎င်းကဆက်ပြောသည်။
“တရုတ်တန်းဘက်မှာဆို ပိုဆိုးတယ်။ ဆိုင်တွေအားလုံး ၁၇ လမ်းတို့ ၁၈လမ်းတို့ ထဲဝင်ရောင်းနေရတော့ လမ်းကြားထဲမှာ ဆိုင်တွေကတိုးဝှေ့နေတာ။ အဲဒီလိုမှမရောင်းပြန်ရင်လည်း သူတို့အနေနဲ့ ကိုက်မှာ မဟုတ်ဘူး” ဟုသူကပြောသည်။
လမ်းဘေးဈေးသည်များအနေနှင့် ညနေပိုင်းကိုသာအားထားရောင်းချ နေရသောကြောင့် ပုံမှန်ဝင်ငွေ ထက်ဝက်ခန့် ထိခိုက် နစ်နာနေရကြောင်း ကြားသိရသည်။
လစာဝင်ငွေ ကျပ်ငါးသောင်းဝန်းကျင်သာ ရရှိသောဝန်ထမ်းများအနေနှင့်လည်း လမ်းဘေးတွင်ရောင်းချနေသော ထမင်း ဆိုင်ကလေးများ၊ လက်သုတ်ဆိုင်ကလေးများ၊ ထမင်းပေါင်းဆိုင်ကလေးများတွင် နေ့စဉ် နံနက်စာအတွက် အကုန်အကျ သက်သာစွာ ဖြေရှင်းနေရသည်။ ယခုအခါ ၎င်းဆိုင်ကလေးများကို ဖွင့်ခွင့် မပေးတော့သဖြင့် လစာနည်းဝန်ထမ်းများမှာ ကုန်ကျစားရိတ်ပိုများသွားကြောင်း ရန်ကုန်မြို့လယ် ကုမ္ပဏီတခုမှ အခြေခံဝန်ထမ်းတဦးက ပြောသည်။
“ကျနော်တို့ဆို မနက်အစောကြီးထလာရတာ။ ပြီးတော့ကားတိုးစီးရတာနဲ့ ထမင်းချိုင့်မထည့်နိုင်ဘူးလေ။ လမ်းဘေးက ထမင်းဆိုင်လေးတွေ၊ အသုတ်ဆိုင်လေးတွေကိုပဲ အားကိုးနေရတာ။ အဲဒီဆိုင်လေးတွေမှာ တခါစားရင် ကျပ် ၇၀၀ လောက်ပဲ ကုန်တယ်။ ဆိုင်ကြီးတွေက အနည်းဆုံး ၁၂၀၀၊ ၁၅၀၀ပဲ။ ခုတော့ ဆိုင်လေး တွေကိုလိုက်ရှာရတာနဲ့ ဘတ်စ်ကားစီးသွားရ တာနဲ့ တနေ့ ထမင်းဖိုး ထောင်ကျော်ကုန်တယ်” ဟု ၎င်းကပြော ပြသည်။
ထိုသို့ လမ်းဘေးဈေးသည်များကိုရှင်းလင်းရခြင်းမှာ မြို့တော်သာယာလှပရေးနှင့် ယာဉ်ကျောပိတ်ဆို့မှု နည်းပါးစေရန်ဖြစ် ကြောင်း ရန်ကုန်သတင်းဂျာနယ်များမှ သတင်းထောက်များကပြောသည်။
ယခုအခါလမ်းဘေးဈေးသည်များ ရှင်းလင်းလျှက်ရှိသောကြောင့် ပလက်ဖောင်းများပေါ်တွင် အနှောင့် အယှက်ကင်းကင်းနှင့် လမ်းလျှောက်နိုင်ကာ အမှိုက်သရိုက်များ ပိုမို ကင်းစင်သွားကြောင်း အသက်၂၅နှစ် အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းအမျိုးသမီး တဦးက ပြောသည်။ ၎င်း၏ဝင်ငွေမှာ တလလျင် ကျပ်၁သိန်းခွဲခန့်ရှိပြီး လူလွတ်တဦးဖြစ်၍ မိသားစုကိုထောက်ပံ့စရာမလို ကြောင်းသိရသည်။
“ပိုက်ဆံရှိတဲ့သူတွေ၊ လမ်းဘေးစာ စားစရာမလိုတဲ့သူတွေကတော့ လမ်းဘေးဈေးသည်တွေမရှိတာ ကြိုက် ကြတယ်။ ဒါပေမယ့် အဲလိုလူက လူနည်းစုပဲလေ။ အများအားဖြင့်ကတော့ လမ်းဘေးစားသောက်ဆိုင်လေး တွေကို မှီခိုနေရတာပါပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကပြောသည်။
ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည်စုစုပေါင်း နှစ်သိန်းနီးပါးရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရသိရသည်။
ဖေဖော်ဝါရီ ၁၆ရက်နေ့မှစ၍ ဈေးမရောင်းရသတ်မှတ်ထားသည့်နေရာများတွင် ရောင်းချသော လမ်းဘေးဈေးသည်များကို ရိုက်နှက်ဖမ်းဆီးကာ ထောင်ဒဏ်တလ ပြစ်ဒဏ်သတ်မှတ်ထားသည်။
အေးချမ်းမြေ့ ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း