လုပ်ကြံသတင်းကြောင့် အင်တာနက်တွင် ပွဲဆူ

မတ်လ ၁၇ ရက်နေ့နေ့လယ်ခင်းက မြန်မာအဆိုတော် မေဆွိ ယာဉ်မတော်တဆမှုဖြင့် သေဆုံးသည်ဟူသော သတင်းထွက် ပေါ်လာသောကြောင့် သတင်းမီဒီယာများ အားလုံး အလုပ်ရှုပ်သွားခဲ့သည်။

အေပီသတင်းဌာန၏ အမှတ်တံဆိပ်ကို အသုံးချဖော်ပြထားသည့် ၎င်းသတင်းတွင် အဆိုတော်မေဆွိသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၏ အမ်ဖိုးလမ်းမကြီးအနီးတွင် မော်တော်ယာဉ် မတော်တဆမှုဖြင့် သေဆုံးသွားသည်ဟု ပါရှိသည်။ သတင်းရင်း မြစ်ကို လန်ဒန်ရှိ ဝက်စ်အီးလင်းဆေးရုံဟု ဖော်ပြထားပြီး မေဆွိစီးနင်းလာသည့် ယာဉ်မှာ ဖို့ဒ်အက်စ်ကော့ ကားဟောင်း တစီးဖြစ်ကြောင်း ရေးသားထားသည်။

ယာဉ်မောင်းသူမှာ ပေါက်စဆိုသူဖြစ်ပြီး ကားမောင်းလိုင်စင် မရှိသူတဦးဖြစ်သည်ဟုလည်း ထိုသတင်းတွင် ဖော်ပြထား၏။ ထို့ပြင် ကားပေါ်၌ မေဆွိနှင့်အတူ အခြားသောလူသုံးဦး ပါရှိသေးသည်ဟုပင် ဆိုထားသည်။

ထိုကဲ့သို့ သတင်းတပုဒ်ပုံစံ အတိအကျတည်ဆောက်ကာ အေပီအမှတ်တံဆိပ်ဖြင့် အင်တာနက်တွင် တင်လိုက်သောကြောင့် ၎င်းသတင်းလင့်ခ်ကို ရရှိသည့် မီဒီယာသမားများအားလုံး အလုပ်ရှုပ်သွားခဲ့သည်။ အေပီသတင်းဌာနမှ သတင်းတပုဒ်ဖြစ်နေ သောကြောင့်လည်း တချို့သော မြန်မာသတင်းမီဒီယာများက ယုံကြည်ကာ ပြန်လည်ရေးသားဖော်ပြမှုများ ရှိခဲ့သည်။

ဘလော့ဂါများသည်လည်း မေဆွိဓာတ်ပုံများကို ရှာဖွေတင်ခြင်း၊ မေဆွိအတွက် ဝမ်းနည်းကြောင်းဖော်ပြခြင်းတို့ကို အလု အယက်ပြုလုပ်ကာ ၎င်းတို့ဘလော့အသီးသီးတွင် တင်ထားကြကြောင်း တွေ့ရသည်။ ၎င်း သတင်းလင့်ခ်ကို ဧရာဝတီ မီဒီယာကလည်း ရရှိခဲ့သဖြင့် မေဆွိနှင့် ဆက်စပ်နေသည့် သတင်းရင်းမြစ်များသို့ ဆက်သွယ်မေးမြန်းခဲ့သည်။

လာမည့်သင်္ကြန်တွင်းအတွက် လန်ဒန်၌ မေဆွိနှင့် မြန်မာပြည်သိန်းတန်တို့၏ ရှိုးပွဲတပွဲကျင်းပရန် ကမကထပြုလုပ်သူ မမွန်မွန်က “ကျမတို့ သင်္ကြန်တွင်း လန်ဒန်မှာ မေဆွိနဲ့ ပွဲတပွဲကျင်းပဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် သူကခု လန်ဒန်မှာ မရှိပါဘူး။ ယူအက်စ်မှာပဲရှိပါတယ်။ ကျမဦးလေးနဲ့ တနေ့ကပဲဖုန်းပြောသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက မေဆွိ၏ မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်း၏မိသားစုက မေဆွိထံသို့ ချက်ချင်းဆက်သွယ်၍ သတင်းမမှန်ကန်ကြောင်း သိရှိရသဖြင့် သတင်းဖန်တီးသူကို စိတ်ဆိုးနေကြောင်း ကြားသိရသည်။

“ကျနော် ကြားကြားချင်း တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ ခုပဲ ကိုထွန်းထွန်းနိုင်ကို မေးတော့မလို့၊ မဟုတ်ဘူးလို့ ကြားလိုက်ရတော့ ဝမ်းသာပါတယ်။ ကျနော် ယူအက်စ်ရောက်တုန်းက မေဆွိတို့ စိုးသူတို့နဲ့ သီချင်းတွေအတူ ဆိုခဲ့ကြသေး တာ” ဟု အဆိုတော်စိုးပိုင်က ၎င်းသတင်းနှင့် ပတ်သက်၍ ဧရာဝတီသို့ပြောသည်။

အဆိုတော်စိုးပိုင်သည် မေဆွိ၏ ပထမဆုံးသော သီချင်းခွေတွင် စုံတွဲသီချင်းများ ပါဝင်သီဆိုပေးခဲ့သူဖြစ်သည်။

မမွန်မွန်ထံသို့ သတင်းမီဒီယာများ၊ အသိမိတ်ဆွေများက ဖုန်းဆက်စုံစမ်းရာ တနေကုန် မမှန်ကန်သည့် သတင်း ဖြစ်ကြောင်း ဖြေရှင်းနေရသည် ဟုဆိုသည်။

“ကွန်ပျူတာနားလည်တဲ့ မောင်လေးတွေက ဖြတ်ညှပ်ကပ်ထားတဲ့ ဝက်ပေ့ခ်ျကြီးလို့ လှမ်းပြောကြတယ်။ ဒါပေမယ့် တနေကုန်လာနေတဲ့ ဖုန်းတွေကို မဟုတ်ပါဘူးလို့ ထိုင်ဖြေနေရတာ အသံတောင်ဝင်တယ်” ဟု မမွန်မွန်က ပြောပြသည်။

အဆိုတော်မေဆွိ သေဆုံးသည်ဆိုသော သတင်းသည် နာရီပိုင်းအတွင်း တကမ္ဘာလုံးတွင်ရောက်ရှိနေသော မြန်မာများထံ ပျံ့နှံ့သွားခဲ့သည်။ ဘလော့ဂါများက မေဆွိဆုံးပြီဟူ၍ တင်ထားပြီး ခဏချင်းတွင် ၎င်းတို့နှင့် ဆက်စပ်နေသော မြန်မာများ၏ ချက်ရွန်းများ၌ မေဆွိအတွက် ဆုတောင်းများ၊ ဝမ်းနည်းကြောင်းများ တင်ထားသည်ကို တွေ့ရသည်။

သတင်းမီဒီယာတချို့ကလည်း အေပီအမှတ်တံဆိပ်ယူထားသော ဝက်ပေ့ခ်ျမှ သတင်းကို ဘာသာပြန်ဆို ဖော်ပြကာ တင်လိုက်ပြီးမှ မမှန်ကန်မှန်းသိရသဖြင့် ပြန်လည်ဖြုတ်ချခဲ့ကြသည်။

“ကျမတို့ရဲ့ပွဲကိုပဲ ဖျက်လိုဖျက်ဆီး လုပ်ချင်တာလား၊ ဒါမှမဟုတ် မေဆွိကိုပဲ တိုက်ခိုက်ချင်လို့လားတော့ မသိဘူး။ အေပီနဲ့ ဂူဂဲလ်ကို အသုံးချပြီးတင်လိုက်တာပဲ။ ကျမတို့ပွဲက ဧပြီ ၁၉ ရက်နေ့ကျမှ လန်ဒန်မှာ ကျင်းပမှာပါ” ဟု မမွန်မွန်က ဆက်ပြောသည်။
ရန်ကုန်တွင်နေထိုင်သူ သတင်းသမားတဦးကမူ ၎င်းအဖြစ်အပျက်ကို သတင်းသမားများ နမူနာယူသင့်ကြောင်း၊ သတင်း အမြန်ရေးနိုင်ရုံဖြင့် မမှန်ကန်သည့်သတင်းမှားများကို ပရိသတ်အား မပေးသင့်ကြောင်း သုံးသပ်သည်။

အေးချမ်းမြေ့ ဧရာဝတီသတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form