ရွေးကောက်ပွဲအပြီး အာဏာလွှဲရေးလုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြား

ပီတာအောင် ခေတ်ပြိုင်သတင်းဌာန

စစ်တပ်သည် အာဏာမမက်မောကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ ပေးခြင်းဖြင့် အာဏာလွှဲပြောင်းရေးဆောင် ရွက်မည်ဟု နအဖစစ်ခေါင်းဆောင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ကြပ်ပြေး နေပြည်တော်၌ ယနေ့ ကျင်းပသည့် (၆၃) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျန်းမာရေး ချို့ယွင်းနေသည်ဟု သတင်းများထွက်ခဲ့သော်လည်း ယနေ့နေပြည်တော်စစ်ရေးပြကွင်း၌ နအဖစစ်သည် (၁၃,၀၀၀)ကျော်၏ရှေ့မှောက် ၌ မာစီဒီးအမျိုးအစား အမိုးဖွင့်ကားဖြင့် ဗိုလ်ရှုခံခဲ့ပြီး ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း နအဖ စစ်သည်တို့ကို ပန်းကုံးများစွပ်ခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့် ရှုသူတို့က ပြောသည်။

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ရဲဘော်တို့ တပ်မတော်အစိုးရဟာ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို မလွှဲသာမရှောင်သာ ရယူလိုက်ရပြီးတဲ့နောက် အာဏာအရပ်ရပ်ကို ပြည်သူ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးနိုင်ရေးအတွက် တရံမလပ်ခံယူပြီး ရည်မှန်းပြင်ဆင်ခဲ့တာဖြစ်တယ်။ တပ်မတော်ဟာ အာဏာကိုမက်မောခြင်းမရှိဘဲ မိမိတာဝန်ယူရတဲ့အခိုက်မှာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တာ ၀န်လစ်ဟင်းခြင်းမရှိအောင် မနားမနေအပင်ပန်းခံပြီး ကြိုးပမ်းထမ်းဆောင်နေခဲ့တာဖြစ်တယ်”
ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားကြောင်း သတင်းကြေညာသူက ဖတ်ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြီးစီးပြီဖြစ်သဖြင့် လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးမည့်အပြင် ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အာဏာ လွှဲ ပြောင်းရေးကို ဆောင်ရွက်နိုင်တော့မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

တပ်မတော်က အာဏာမမက်မောကြောင်း ပြောဆိုမှုသည် စစ်ဗိုလ်ချုပ်ကြီးများ အစဉ်တစိုက် ပြောခဲ့သည့် စကားဖြစ်ပြီး သမိုင်းသင်ခန်းစာများအရ ၎င်းတို့၏စကားများမှာ ယုံရခက်သည်ဟု
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်က ထောက်ပြဝေဖန်သည်။

၎င်းက “ဒီလိုပြောတာကို ယုံရခပ်ခက်ခက်လို့ ပြောလို့ဖြစ်ပါတယ်။ ၂၀၁၀ မှာဘာဖြစ်မယ်ဆိုတာ ကြိုမပြောနိုင်ပေမယ့် ၁၉၇၄ မှာ ဘယ်လိုအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့ တွေ့ပြီးသား၊ ကြုံပြီးသားဖြစ်တယ်။ ၁၉၉၀ ပြည့်နှစ်မှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်က အာ ဏာလွှဲပေးမယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေကပဲအခြေခံဥပဒေဆွဲပါ။ ကျနော်တို့မပါ ပါရ စေနဲ့ဆိုပြီး တိတိလင်းလင်းပြောခဲ့တာပဲ။ ဒါပေမယ့်လက်တွေ့ဘာမှအကောင်အထည်ဖြစ်မလာ ပါဘူး။ တပ်မတော် စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း မရှိတော့ သူပြောတဲ့ကတိကို နောက်လူတွေက လိုက်စရာမလိုဘူးလို့ သဘောထားသလားတော့ မသိပါဘူး” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်မြို့ရှိ သခင်သိန်းဖေနေအိမ်၌ ဖက်ဆစ်တော်လှန် ရေးနေ့ မိတ်ဆုံစားပွဲတခုကို ယနေ့ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် သခင်သိန်းဖေက နိုင်ငံတနိုင်ငံ၏ အခြေခံအုတ်မြစ်သည် သွေးစည်းညီ ညွတ်ရေးဖြစ်ပြီး တိုင်းရင်းသားများအပါအ၀င် တာဝန်ရှိသူ ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေး၍ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ပန်ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်၌ အခမ်းအနားသီးခြားကျင်းပခဲ့ပြီး စစ်အစိုးရ ကိုယ်တိုင်ထုတ်ပြန်ခဲ့သည့် ၁/၉၀ ကြေညာချက်အတိုင်း ပြည်သူ့လွှတ်တော်ခေါ်ယူ ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုကြောင်း ထပ်မံကြေညာသည်။

အဖွဲ့ချုပ်ရုံးရှေ့၌ အန်အယ်လ်ဒီ လူငယ် (၂၀) ကျော်တို့က ဖက်ဆစ်တော်လှန်ရေးအလံနှင့် ယူအန်အလံများကိုင်ပြီး “ပြတ်ပြတ်သားသားဆန့်ကျင်ကြ၊ NO! ” ဟု ရေးသားထားသည့် အနီ၊ အဖြူ နှင့် အပြာရောင်အင်္ကျီများဝတ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံ ရေးအကျဉ်းသားများလွတ်မြောက်ရေး၊ လူထုဆန္ဒခံယူပွဲ အလိုမရှိ စသည့် ကြွေးကြော်သံများ၊ သီချင်းနှင့် သံချပ်များဟစ်အော်၍ ဆန္ဒပြခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးကပြောသည်။

မြန်မာနိုင်ငံကို (၃) နှစ်ကြာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်အုပ်ချုပ်ခဲ့သည့် ဖက်ဆစ်ဂျပန် များကို မြန်မာပြည်သူတရပ်လုံး ညီညီညွတ်ညွတ် တော်လှန်တိုက်ပွဲဝင်ခဲ့သည့် မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ခေတ်အဆက်ဆက်ကျင်းပခဲ့သော်လည်း လက်ရှိ စစ်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form