အေးချမ်းမြေ့ | ဧရာဝတီသတင်းဌာန
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာအတိုက်အခံအဖွဲ့ဝင်များ၊ ထိုင်းလူမျိုးများနှင့် အနောက်နိုင်ငံ သားတချို့တို့ စုပေါင်း၍ တိဘက်ဘုန်းတော်ကြီးများအတွက် ယနေ့နံနက် ၉နာရီကဆန္ဒပြခဲ့ ကြသည်။
ထိုဆန္ဒပြပွဲတွင် လူဦးရေ ၇၀ ကျော်ခန့်ပါဝင်ပြီး တိဘက်ဘုန်းတော်ကြီးများအား နှိမ်နင်းမှု ကိုဆန့်ကျင်ကြောင်းဆိုင်းဘုတ် ပိုစတာများကိုင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာအရေးတော်ပုံအတွင်းက သံဃာတော်များနှင့် ပြည်သူလူထုအား စစ်အစိုးရက ရိုက်နှက်ချေမှုန်း သည့်အတွက် သွေးစွန်းခဲ့ရသည့် ဓာတ်ပုံများနှင့် ယခုနှစ်အတွင်း တရုတ်ပြည်၌ကျင်းပမည့် အိုလံပစ်ပွဲကို ဆန့်ကျင်သည့် ဓာတ်ပုံနှင့် ပိုစတာများကိုလည်း ဆန္ဒပြသူတို့ကကိုင်ဆောင်ထားကြသည်။
“မြန်မာပြည်သူလူထု ငတ်နေပြီ။ စစ်အစိုးရကို ထောက်ပံ့တာရပ်လိုက်ပါတော့။ မြန်မာပြည်က စွမ်းအင်တွေ မဝယ်ကြပါနဲ့ တော့” ဟူ၍ တရုတ်အစိုးရကို တောင်းဆိုသော ပိုစတာများလည်း တွေ့ရသည်။
ဆန္ဒပြသူတို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့သို့အရောက်တွင် ထိုင်းအတိုက်အခံခေါင်းဆောင်တဦးက တိဘက်တွင် ဖြစ်ဖြစ် မြန်မာနိုင်ငံ တွင်ဖြစ်ဖြစ် ဘုန်းတော်ကြီးများကို အာဏာပိုင်များက ရက်ရက်စက်စက်ချေမှုန်း ခြင်းအား လက်မခံကြောင်း ပြောကြား သည်။ ဆက်လက်၍ တိဘက်တွင်ဖြစ်ပွားလျှက်ရှိသော အရေးအခင်း အကြောင်း ကို ရှင်းလင်းပြောပြသည်။
ဆက်လက်၍ ဆန္ဒပြသူထဲမှတဦးက ထုတ်ပြန်ထားသော ကြေညာချက်ကို ဖတ်ကြားရာ ၎င်းကြေညာချက်တွင် “ကျွန်ုပ်တို့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူများအနေနှင့် မတ်လ၁၀ရက်နေ့မှစတင်၍ ဆန္ဒပြသည့် တိဘတ်ဘုန်း တော်ကြီးများကို ရက်ရက်စက်စက်နှိမ်နင်းသော တရုတ်အစိုးရအား ပြင်းထန်စွာဝေဖန်ရှုတ်ချ လိုက်သည်” ဟုအစချီထားသည်။
ဆက်လက်၍ ယခုလက်ရှိ တိဘက်ဘုန်းတော်ကြီးများကို နှိမ်နင်းမှုသည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော စက်တင်ဘာ အရေးတော်ပုံကာလက ကြောက်မက်ဖွယ်ကောင်းခဲ့ပုံကို ပြန်လည်သတိရစေနိုင်ကြောင်း ဖော်ပြထားသည်။ ယခုတဖန်ပြန် လည်၍ လက်နက်ကိုင်ပုဂ္ဂိုလ်များက လက်နက်မဲ့ ဘုန်းတော်ကြီးများကို ရက်ရက်စက်စက်ချေမှုန်းနေသည့်မြင်ကွင်းများ မြင်ရပြန်သကဲ့သို့ သံဃာတော်များ၏ သွေးစွန်းသော သင်္ကန်း များကိုလည်း စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကြရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် တိဘက်နှင့် မြန်မာဆန္ဒပြသူတို့၏ စည်းလုံးညီညွတ်သည့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှု အပေါ် အသိအမှတ်ပြုကာ ရပ်တည်ပေးနေမည်ဖြစ်သည်” ဟု ဖတ်ကြားသွားသည်။
ယခုဖြစ်ရပ်သည် အိုလံပစ်အားကစားပွဲတော်အတွက် အရိပ်မည်းကြီးတခုဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။ ထို့ပြင် ကြေညာချက်၌ တရုတ်အစိုးရအနေနှင့် မြန်မာစစ်အစိုးရအား ကူညီထောက်ပံ့ နေမှုတို့ ရပ်တန်းကရပ်ရန် တောင်းဆို သည်ဟု ၎င်းကြေညာချက်ကဆိုသည်။
တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒပြကြရာတွင် ထိုင်းကဗျာဆရာတဦးဖြစ်သူ မစ္စတာ ဆန်းဒေါင်းက ငြိမ်းချမ်းရေး ကဗျာ တပုဒ် ဝင်ရောက်ရွတ်ဆိုခဲ့သည်။
မတ်လ ၁၉ရက်နေ့ကလည်း ဆန္ဒပြတိဘက်ဘုန်းတော်ကြီးများအား တရုတ်အစိုးရက နှိမ်နင်းသည်ကို ဆန့်ကျင်သည့် အနေနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆန္ဒပြခဲ့ကြသေးသည်။

Tags
သတင်း