ကျောင်းသား လိုကယ်ရထားနှင့် ကုန်ရထားတိုက်မိ

နယူးဒေလီ။ ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ် ရွာသာကြီးဘူတာမှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ကျောင်းသား လိုကယ်ရထားကို ရန်ကုန်မှ မောင်းနှင်လာသည့် ကုန်ရထားက ခါးဖြတ်တိုက်မှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ရွာသာကြီးမှ ရန်ကုန်သို့ စတင်ထွက်ခွာသည့် ကျောင်းသား လိုကယ်ရထား အမှတ် မ - ၆ ကို ရန်ကုန်မှ ဝင်လာသည့် ၉ဝ၇ အဆန် ကုန်ရထားက ခါးဖြတ် တိုက်လိုက်ခြင်း ဖြစ်သည်။

“ကျောင်းသားလိုကယ် မ-၆ က ရန်ကုန်ကို ပြန်ဆင်းဖို့ အဆန်လမ်းကို ဖြတ်ပြီးတော့ သူ့ရဲ့လမ်း ဖြစ်တဲ့ အစုန်လမ်းကို အဝင်မှာ ၉ဝ၇-အဆန်ကုန်ရထားက မီးနီပြထားရဲ့သားနဲ့ အရှိန်မလျှော့နိုင်ဘဲ လိုကယ်ရထားကို တိုက်မိသွားတာပါ” ဟု ဒဂုံမြို့ခံ ဦးအေးသွင်က ပြောသည်။

“တွဲ ၂ တွဲကတော့ ရထားလမ်းဘေးကို စောင်းသွားတယ်။ လုံးဝ လဲသွားတာကြီးတော့ မဟုတ်ပါဘူး။ ခရီးသည်တွေ အသေအပျောက်တော့ မရှိပါဘူး။ နည်းနည်းစီ ဒဏ်ရာရသွားတာလောက်ပါပဲ” ဟု သူက ဆက်ပြောသည်။

ကျောင်းသား လိုကယ်ရထားတွင် ကျောင်းသားနှင့် အရပ်သားခရီးသည်များ စုစုပေါင်း ၄ဝ ခန့်သာ ပါရှိလာပြီး ရထားက ၄တွဲ ရှိသည်ဟု သိရသည်။

မြန်မာပြည်တွင် လက်ရှိအသုံးပြုနေသည့် ရထားများမှာ ခေတ်ဟောင်း ရထားများ ဖြစ်သောကြောင့် ဘူတာအဝင် မီးနီပြထား၍ အရှိန်လျှော့သော်လည်း ဘရိတ်မမိခြင်း၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းတို့ကြောင့် ယခုလို ရထားတိုက်မှု ဖြစ်ရသည်ဟု သူက ပြောသည်။

အတိုက်ခံရသော လိုကယ်ရထားမှာ အစုန် အဆန်လမ်းပေါ်တွင် ကန့်လန့်ဖြတ် ရပ်ထားရသဖြင့် နေပြည်တော်၊ မန္တလေး စသည့် ဒေသများမှ လာသည့် ရထားများမှာ ရန်ကုန်သို့ ဝင်လာနိုင်ခြင်းမရှိဘဲ လေးထောင့်ကန်ဘူတာတွင် ရှန်တိန်ထိုး ရပ်ထားရပြီး ရန်ကုန်မှလာသည့် အဆန်ရထားများလည်း ရပ်ဆိုင်းထားရသည်။

ရထားတာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်နေကြပြီး ယနေ့ည ၉ နာရီခန့်တွင် အစုန် အဆန်ရထားများ ပုံမှန် သွားလာနိုင်လိမ့်မည်ဟု ကြေညာထားသည်။


မောင်ဒီး မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form