ဘုရားရိုက်ပြီဗျို့.....
ရွှေဝါရောင်တော်လှန်ရေးအတွင်း ငွေကြာယံ ဘုန်းကြီးကျောင်းကို ဝင်ရောက် စီးနင်းရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဒုဗိုလ်မှူးကြီး မြင့်ဝေသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်ချက်ဖြင့် တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု စစ်ရေး လေ့လာသူတဦး၏ အပြောအရ သိရသည်။
ရန်ကုန်တိုင်း ဖူးကြီးအခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (၄) လက်အောက်ခံ အမှတ် ၇ဝ၁ ခြေမြန်တပ်ရင်း (ခမရ) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ဝေ၏ တပ်နှင့် ကေအန်အယ်အေ ခေါ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်မဟာ ၃ ပြောက်ကျား တပ်ဖွဲ့များတို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြင့်ဝေ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် တပ်ရင်းမှူးအပြင် အရာရှိ ၂ ဦး၊ စစ်သည် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်ငယ် ၁ဝ လက်ခန့် ဆုံးရူံးခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခိုင်အမာ ပြောကြားလိုက်သည်။
"ဒုဗိုလ်မှူးကြီး မြင့်ဝေဦးဆောင်တဲ့ စစ်ကြောင်းတကြောင်း၊ တပ်ခွဲ ၂ ခွဲပေါ့။ နအဖ လူအင်အား ၇ဝ လောက် ရှိပြီး ကရင်တပ်မဟာ ၃ အောက်က ကျောက်ကြီးဂွင်မှာ ဖြစ်ပွားခဲ့တာ" ဟု နှစ်ပေါင်းများစွာ စစ်ဘက်ရေးရာတွင် ပတ်သက်နေခဲ့သူ ဦးအောင်ကျော်ဇောက ပြောသည်။
"သူတို့နဲ့ အလားတူ အတူတူ တနယ်ထဲမှာ စစ်ဆင်ရေးဝင်နေတဲ့ လူတွေကတဆင့် ပြန်ကြားတဲ့ သတင်းဖြစ်တယ်" ဟု သူက ပြောသည်။
ကေအန်အယ်အေ၏ နိုင်ငံရေး ဦးဆောင်မှုပေးသောအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဖဒိုစောလှငွေကမူ ယခုတိုက်ပွဲနှင့် ပတ်သက်၍ မသိရှိဟု ပြောသည်။ သို့သော် တိုက်ပွဲသတင်းများမှာ တခါတရံ နောက်ကျမှ သတင်းပေးပို့မှု ရှိသည် ဟုလည်း သူက ပြောသည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရဟန်းသံဃာများနှင့် ပြည်သူများ၏ စစ်အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားစဉ် ရန်ကုန်မြို့ရှိ ငွေကြာယံ ကျောင်းတိုက်အား အကြမ်းဖက် ဝင်ရောက်စီးနင်းရာတွင် တပ်ရင်းမှူး မြင့်ဝေ ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့သည်ဟုလည်း ဦးအောင်ကျော်ဇောက ပြောသည်။
"ရန်ကုန်ဒေသခံတွေ ကိုယ်တိုင် မြင်တွေ့တော့ အသေအချာ ပြောလို့ရတာပေါ့။ အဲဒီအချိန်က ရန်ကုန်လုံခြုံရေးကို တပ်မ ၇၇ ရယ်၊ ဖူးကြီးက စကခ ၄ ရယ်၊ ရန်ကုန်ပို့ထားတယ်။ ခမရ ၇ဝ၁ က တပ်ခွဲ ၄ ခွဲ ငွေကြာယံကို ဝင်စီးတော့ တပ်ခွဲ ၂ ခွဲ၊ လူ ၈ဝ ကျော်လောက်နဲ့ တပ်ရင်းမှူး မြင့်ဝေ ဦးဆောင်ပြီး ဝင်စီးတယ်" ဟု ဦးအောင်ကျော်ဇောက ပြောသည်။
သို့သော် သီးခြား အတည်ပြုနိုင်၍ မရပါ။ အစိုးရတပ်က ရှုံးနိမ့်သည့် တိုက်ပွဲများနှင့် ပတ်သက်၍လည်း မည်သည့်အခါကမှ စစ်အစိုးရအနေနှင့် ထုတ်ပြန်မှု မပြုပါ။
မျိုးကြီးနှင့် သန်းထိုက်ဦး မဇ္ဈိမသတင်းဌာန

Tags
သတင်း