စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာဈေးထိုးကျ

မြန်မာစစ်အစိုးရကို အဓိကငွေကြေး အထောက်အပံ့ပေးနေသူများအား အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှု ထပ်မံပြုလုပ်ပြီးနောက်ပိုင်း မြန်မာပြည်တွင်း၌ ဒေါ်လာငွေရောင်းအား ပိုများလာပြီး ဒေါ်လာဈေးများ ကျဆင်းနေကြောင်း သိရသည်။

ယခုလ (၈) ရက်တွင် ရန်ကုန်၌ အမေရိကန် (၁) ဒေါ်လာ ပြင်ပပေါက်ဈေးသည် (၁,၀၉၀)
ကျပ်မှ (၁,၀၉၅) ကျပ်အကြားသာရှိပြီး ပြည်ပပို့ကုန်ရငွေ (earning) မှာလည်း (၁) ဒေါ်လာ (၁,၁၃၀) ကျပ်သာ ပေါက်ဈေးရှိနေသည်။

မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးသမားကြီးများဖြစ်သည့် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်
နှင့် ၎င်း၏သားဖြစ်သူ ဦးထွန်းမြင့်နိုင်ခေါ် စတီဗင်လော မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ
အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို အမေရိကန် အစိုးရက ပြီးခဲ့သည့်လထဲတွင် ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ခဲ့သည်။

ပိတ်ဆို့ဒဏ်ခတ်မှုတွင် အမေရိကန်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ခြင်းနှင့် ငွေကြေးအလွှဲ အပြောင်းများကို တားမြစ်ခြင်းတို့ ပါဝင်သည်။

ယင်းနောက်ပိုင်း ထိုပိတ်ဆို့ခံရသူများသာမက သူတို့နှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များ
ကပါ နိုင်ငံခြားဘဏ်များတွင် အပ်နှံထားသည့် ၎င်းတို့၏ ဒေါ်လာငွေများကို ထုတ်ယူ၍ ပြည်တွင်းသို့ သွင်းလာကြကြောင်း ရန်ကုန်မြို့မှ သွင်းကုန်၊ ထုတ်ကုန် ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “အခုဟာက ပြည်တွင်းမှာ ဒေါ်လာရောင်းအားများနေပြီး ၀ယ်အားက နည်းသွားတယ်။ ဒါကြောင့် ဒေါ်လာဈေးတွေ ကျနေတာ။ ပြည်တွင်းမှာ အစိမ်းတွေ ဘယ်လောက်များနေသလဲ ဆိုရင် ဒေါ်လာတသိန်းလောက် ချက်ချင်းလိုချင်တယ်ဆိုရင်တောင် ရောင်းမယ့်သူ အဆင်သင့် ရှိတယ်” ဟု ပြောသည်။

အခြားကုန်သည်တဦးကလည်း နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့ရာမှ ရသည့် နိုင်ငံခြားငွေကို
ဝယ်လိုအားလည်း ပြည်တွင်း၌ ကျဆင်းနေကြောင်း၊ ပြည်တွင်း၌ ကုန်ပစ္စည်းရောင်းအား နည်းနေသဖြင့် ကုန်ပစ္စည်းတင်သွင်းသူများက ပစ္စည်းသွင်းမှု လျော့ချနေသောကြောင့်
earning ၀ယ်လိုအားကျကာ ဒေါ်လာဈေး ကျနေခြင်းဖြစ်သည်ဟု ပြောသည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက လက်တွေ့မြန်မာနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် ဒေါ် လာနှင့် ကျပ်ငွေပေါက်ဈေးကို တွက်ချက်ကြည့်ပါက အမှန်တကယ်ဖြစ်သင့်သည့် ပေါက်ဈေး
ထက် (၅) ရာခိုင်နှုန်းဝန်းကျင်ခန့် နိမ့်ကျနေသည်ကို တွေ့နိုင်ကြောင်း၊ နိုင်ငံတကာ ငွေကြေးနှင့် ဒေါ်လာငွေ ဖလှယ်နှုန်းကို တွက်ကြည့်ပါက လက်ရှိပြည်တွင်း၌ (၁) ဒေါ်လာ ကျပ် (၁,၁၄၀)
ခန့် ဈေးပေါက်ရမည်ဖြစ်သော်လည်း ကျပ် (၁,၀၉၀) ၀န်းကျင်အောက်သာ ရှိနေကြောင်း ရှင်းပြသည်။

၎င်းက “ဒီလိုဖြစ်ရတာ နိုင်ငံတကာမှာ ဒေါ်လာငွေ တန်ဖိုးကျဆင်းလာတာအပြင် ပြည်တွင်းကို ဒေါ်လာတွေစီးဝင်လာပြီး ရောင်းလိုအားများလာတာ၊ ပြည်သူတွေ စီးပွားရေးမကောင်းလို့ ကုန်ပစ္စည်းတင်သွင်းမှုနည်းလာတာတွေနဲ့ သက်ဆိုင်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်၌ ဒေါ်လာငွေ ပေါက်ဈေးသည် (၁) ဒေါ်လာ ကျပ် (၁,၄၀၀)
ဝန်းကျင်အထိ တက်သွားခဲ့ပြီး တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ယခုအခါ (၁) ဒေါ်လာ ကျပ် (၁,၁၀၀) အောက်တွင်သာ ရှိတော့သည်။

ခေတ်ပြိုင် သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form