နေပြည်တော်မီး လူ ၂ ဦး ဒဏ်ရာရ၊ အိမ်ခြေ ၃ဝဝ ကျော် ပျက်စီး

ချင်းမိုင်။ ။ နေပြည်တော် လယ်ဝေးမြို့ရှိ ရပ်ကွက် ၃ ခုတွင် မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားရာ လူ နှစ်ဦး ဒဏ်ရာရရှိသွားပြီး အိမ်ခြေ ၃၂၅ လုံး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

မန္တလေးတိုင်း လယ်ဝေးမြို့ အမှတ် ၅ ရပ်ကွက် မြို့မဈေးအနီး ဒေါ်ခင်ညို၏နေအိမ်မှ စတင်၍ မီးလောင်ခဲ့ပြီး အမှတ် ၆ ရပ်ကွက်၊ အင်ပုရပ်ကွက်တို့ တည်ရှိရာ မြောက်ဘက်အရပ်အထိ လောင်ကျွမ်းရာ ညနေ ၄း ၂ဝ တွင် ငြိမ်းသွားခဲ့သည်။ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့တို့ရှိ မီးသတ်ကားများ၊ ဆွာမြို့၊ မြို့လှနှင့် သာဂရမြို့တို့မှ မီးသတ်ကားများ စုစုပေါင်း မီးသတ်ကား ၂၀ တို့ဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့သည်။

စစ်အစိုးရသည် နေပြည်တော်သို့ ပြောင်းရွေ့ရုံးစိုက်ပြီးနောက် ပထမဆုံးအကြိမ် လောင်ကျွမ်းမှု ဖြစ်ပြီး နေပြည်တော် တိုင်းမှုးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာဝန်ကြီး ဗိုလ်မှုးကြီးသန်းညွန့်တို့ပါ မီးလောင်ရာသို့ ရောက်ရှိခဲ့ကြသည်။

နေပြည်တော်သည် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့ ၃ ခုကို ပေါင်းစည်း ယူထားခြင်းလည်း ဖြစ်သည်။

နေပြည်တော် ဒေသခံတဦးက "လယ်ဝေးက မီးသတ်တွေက ပျက်နေတယ်။ မရောက်ဘူး။ တဝက်လောက် လောင်ပြီးမှ နေပြည်တော်က မီးသတ်ကား အစီး ၂ဝ လောက် ရောက်လာတာ။ လယ်ဝေး မီးသတ်ကားက တစီးက ပျက်တယ်တဲ့၊ တစီးက ရေမပါဘူးတဲ့၊ တွန်းလာရတယ်။ အခြေအနေက အဲဒီလိုဖြစ်နေတယ်။ အဲဒါကြောင့် ဆိုးသွားတာပေါ့" ဟု ပြောသည်။

အမှတ် ၃ ရပ်ကွက်ရှိ သာသနာ့ဗိမာန်နှင့် အမှတ် ၆ ရပ်ကွက်ရှိ အင်ပု မူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်ဟု မြန်မာ့အလင်းသတင်းစာက ရေးသားထားသည်။ သို့သော် ဒေသခံများ အပြောအရ မီးဘေးဒုက္ခသည် အချို့သည် လယ်ကွင်းများ၌ပင် တဲထိုး နေထိုင်ကြကာ မြို့တွင်းရပ်ကွက်များမှ စေတနာရှင်များက ထမင်းထုပ်များ ပေးပို့နေကြသည်ဟု ဆိုသည်။

သန်းထိုက်ဦး မဇ္ဈိမ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form