ဂျပန်ရောက် မြန်မာများ အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက်

ချင်းမိုင်။ ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ အလည်အပတ် ရောက်ရှိနေခိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို လက်မခံကြောင်း ဂျပန် နိုင်ငံတွင် ဆန္ဒပြကြသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံမည် ဖြစ်ပြီး စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲသည့် ဥပဒေကို လက်ခံနိုင်မည် မဟုတ်ကြောင်း ဂျပန်နိုင်ငံ မြို့တော်တိုကျိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြသူများက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

“မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံမှာ နအဖနဲ့ မတွေ့ဆုံခင်၊ ဂျပန်နိုင်ငံကို ဝင်ရောက်ချိန်မှာ ကျနော်တို့ရဲ့ ရင်ထဲမှာ ရှိတဲ့ ဆန္ဒတွေကို တောင်းဆိုကြတာပါ၊ ထုတ်ဖော် ဆန္ဒပြခဲ့တာပါ။ မစ္စတာ ဂမ်ဘာရီကို ကျနော်တို့ စာပေးပြီးတော့ မေတ္တာရပ်ခံ တောင်းဆိုတာပါ ခင်ဗျာ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (ဂျပန်ဌာနခွဲ) မှ ဒုတိယ ဥက္ကဋ္ဌ ကိုလင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ မြန်မာပြည် လွတ်မြောက်ရေး ကြွေးကြော်သံများ တိုင်ခဲ့ကြသည်။

ကိုလင်းအောင်က “တရားဝင် အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စစ်အစိုးရတို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှသာလျှင် မြန်မာပြည်ရဲ့ အနာဂတ် ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာပါ” ဟု ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ ဂမ်ဘာရီသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားလာရေး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တွန်းအား ရရှိရေးအတွက် တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံသို့ လှည့်လည် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ သူသည် မတ်လတွင် မြန်မာပြည်သို့ သွားရောက်နိုင်ဖွယ် ရှိသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) မှ အဖွဲ့ဝင် ကိုဘုန်းမြင့်အောင်က “မြန်မာနိုင်ငံမှာ စနစ်တကျ ရွေးကောက် တင်မြောက်ထားတဲ့ ရလဒ်ကို အကောင်အထည် မဖော်ဘဲနဲ့ အခုလက်ရှိ လူထုဆန္ဒ ခံယူပွဲကို ကန့်ကွက်တယ်။ လူထုရဲ့ ဆန္ဒ အစစ်အမှန်ကို ပေါ်လာဖို့အတွက် တောင်းဆိုတယ်။ အဲဒါကြောင့် ကုလက စောင့်ကြည့် ကြီးကြပ်ပြီးတော့မှ ပိုမိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရန် တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသား ၂ သောင်းခန့် ရှိပြီး အများအားဖြင့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်၊ အဆောက်အဦ ဆောက်လုပ်ရေး ဖျက်သိမ်းရေး လုပ်ငန်း၊ အိမ်ကူအလုပ်များ လုပ်ကိုင်နေကြသည်။

ဖနိဒါ မဇ္ဈိမသတင်းဌာန
Thursday, 28 February 2008 19:11 - မြန်မာစံတော်ချိန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form