ဖဒိုမန်းရှာနဲ့ တွေ့ဆုံခြင်း (အင်တာဗျူး)

ယမန်နေ့က လုပ်ကြံခံရ၍ သေဆုံးသွားသော ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင် ဖဒိုမန်းရှာလာဖန်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားများအရေးနှင့် ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းမှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ယင်း ဆက်သွယ်မေးမြန်း ချက်ပါ ဖဒိုမန်းရှာ၏ သဘောထား အမြင်များကို စာဖတ် ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုမရှိကြဘူး ဆိုတာကို ပြောနေ ကြပါတယ်။ ဒီအပေါ်မှာ ကရင် တိုင်းရင်းသား တဦးအနေနဲ့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ကျနော်တို့ လွတ်လပ်ရေးမရခင်တုန်းကတော့ စစ်မှန်တဲ့လွတ်လပ်ရေး လိုချင်လို့ တိုင်းရင်းသား လူမျိုးစုအားလုံး၊ ပြည်သူလူထု တရပ်လုံး၊ သူတို့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားအားလုံးက အများကြီး ကြိုးစားခဲ့တယ်။

သို့သော်လည်း လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့မျှော်လင့်ထား သလို ဖြစ်မလာဘူးလေ။

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ လွတ်လပ်ရေးရတာကို ကျနော်တို့တိုင်းရင်းသားတွေရော၊ ပြည်သူတွေရော ဘယ်သူမှ မခံစားရဘဲနဲ့ အာဏာလက်ကိုင်ထားတဲ့ လူပဲ ထင်သလို အသုံးချခဲ့ကြတဲ့အတွက်ကြောင့် တိုင်းပြည်က ဒီကနေ့ဒီအချိန်အထိ အဆင်းရဲဆုံးတိုင်းပြည်နဲ့ ပြည်သူအတွက် လုံခြုံမှုမရှိဆုံး တိုင်းပြည်ဖြစ်နေပြီ။

ဒါကြောင့် ကျနော်တို့က အလကားသက်သက်အချိန် နှစ်ပေါင်း ၆၀ ကုန်ပြီးတော့ တိုင်းပြည် တိုးတက်လာရမယ့်အစား ဒီစစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည်က မွဲပြာကျသွားတယ်။

ဒါကြောင့်မို့ ကျနော်တို့အနေနဲ့တော့ အခုတိုင်းရင်းသားလူမျိုးစုတွေ ပြည်သူတွေနဲ့ သင့်လျှော်တဲ့ ကျနော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျနော်တို့ တည်ဆောက်ချင်တယ်။

အဲဒီစနစ်ကို အာမခံပေးဖို့ အတွက် ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရအဖွဲ့အစည်း တခုကိုလည်း ကျနော်တို့လိုချင်တယ်။

တနည်းပြောမယ်ဆိုရင် နိုင်ငံရေးအရပြောင်းလဲချင်တယ်။ တကယ်လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် စည်းစည်းလုံးလုံး တည်ဆောက်ချင်တယ်။

အခုလက်ရှိ အတိုင်းပဲဖြစ်နေမယ်ဆိုရင် တိုင်းပြည်က ဘယ်လိုမှ ကောင်းစားမှာ မဟုတ်တော့ဘူး။

ပြည်တွင်းထဲမှာလည်း ဘာမှလုံခြုံမှုမရှိဘူး။ အလုပ်လက်မဲ့ ဖြစ်တယ်။ ပြည်ပထွက်ပြီးတော့ အလုပ်ရှာကြတယ်။ တိုင်းပြည်က ပညာတတ်တွေလည်း အပြင်ထွက်ကုန်ပြီ်၊ အလုပ်သမားတွေ၊ လယ်သမားတွေလည်း လယ်ယာမြေတွေပစ် အလုပ်လက်မဲ့ ဘ၀နဲ့ ပြည်ပကိုထွက် အိမ်နီးချင်းတိုင်းပြည်မှာ အလုပ်လုပ်၊ ဖွံ့ဖြိုးတိုးတက်မှုက ဘာမှမရှိဘူး။ ဒါကြောင့် ကျနော်တို့ နိုင်ငံရေး အပြောင်းအလဲ တခုတော့ အမြန်ဆုံးလုပ်ဖို့ လိုပြီလို့ ကျနော်ထင်တယ်။

မေး။ ။ ဒီ အခု နောက်ပိုင်း တိုင်းရင်းသားတွေ အချင်းချင်းထဲမှာလည်း ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့ တွေ၊ နိုင်ငံရေးအဖွဲ့တွေဆိုပြီး ပြိုကွဲတာတွေ ရှိတယ်။ သူတို့ ကြားထဲမှာလည်း စည်းလုံးညီညွတ်မှုမရှိဘူးလို့ ပြောကြတယ်။ ဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ တိုင်းပြည်က ၀ါးအစည်း ပြေသလိုပြေရတာဟာ ဒီစစ်အာဏာရှင်စနစ်နဲ့ သူတို့ကျင့်သုံးတဲ့ လူမျိုးရေးဝါဒကြောင့်ပဲ။ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးရေးဝါဒမရှိဘူး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အတိုင်းသွားမယ်ဆိုရင် တခြား တိုင်းပြည်တွေမှာ လိုပဲ ငြိမ်းချမ်းမယ်၊ စည်းလုံးမယ်၊ တိုးတက်ဖွံ့ဖြိုးမယ်။ အဲဒါတခုကတော့ ကျနော်တို့သေချာပေါက် ပြောနိုင်ပါတယ်။

ဒီစစ်အာဏာရှင် စနစ်က ပြည်သူတရပ်လုံးနှင့် တိုင်းပြည်တခုလုံးကို အစည်းပြေစေခဲ့တာ၊ ဒါကြောင့်မို့ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ပြည်သူတွေ၊ သူတို့ကို ကိုယ်စားပြုတဲ့သူတွေ အနေနဲ့ကပါ နိုင်ငံရေးအရ သဘောတူညီ မှုတွေ အများကြီးရခဲ့ပြီးပြီ။

နအဖကို စောင့်နေလို့မဖြစ်တဲ့အတွက် ကျနော်တို့ ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံ ဥပဒေ state constitution ကိုရေးဆွဲ နေတာရှိတယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။

တိုင်းပြည်ပြိုကွဲစေမယ့် အကြောင်းတရားက အာဏာရှင် စနစ်ပဲ။ အာဏာရှင်စနစ်က ဒီနေ့ ပြုတ်ရင် တိုင်းပြည်က ဒီနေ့ စည်းလုံးသွားမှာပဲ၊ ဒါကို ကျနော်တို့ ယုံကြည်တယ်။

မေး။ ။ အခု တိုင်းရင်းသားတွေကြားမှာ စည်းလုံးညီညွတ်မှုမရှိတာဟာ အာဏာရှင် စနစ်ကြောင့်ဆိုတာကို ပြောချင် တာလား။

ဖြေ။ ။ ဟုတ်ကဲ့ တိုင်းပြည်ကို ပြိုကွဲနေအောင်၊ ပြိုကွဲမှလည်း သူတို့ ထိန်းချူပ်လို့ရမှာကိုး။ ဒါကို စစ်တပ်က သူတို့အား သုံးမယ်။ တိုင်းပြည် အေးချမ်းတည်ငြိမ်မယ်ဆိုရင် သူတို့အတွက် အခန်းကဏ္ဍမရှိဘူးလို့ သူတို့ ယူဆတာကော။

နအဖမရှိရင် တိုင်းပြည်ပြိုကွဲမယ်။ ဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ စစ်အာဏာရှင်စနစ်မရှိရင် ဘော့စနီးယားလိုဖြစ်မယ် ဆိုတာ တွေကလည်း လုံးဝမဟုတ်ဘူး။ လုံးဝ အခြေအမြစ်မရှိဘူး။ ပြောင်းပြန်ကို လျှောက်ပြော နေတာပဲ။ အဲဒီလိုပဲ တိုတို တုတ်တုတ်ပြောချင်တယ်။

မေး။ ။ နက်ဖြန်ကျရောက်မယ့် ပြည်ထောင်စုနေ့မှာ ကရင်တိုင်းရင်းသား ကိုယ်စားပြုအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ပြည်ထောင်စုနေ့ အနေနဲ့ကတော့ စစ်မှန်တဲ့ဒီမိုကရေစနစ်နဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့ ဆိုရင် နအဖကို အားကိုးလို့ မဖြစ်ဘူးဗျ။ ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံး ပြည်သူတရပ်လုံး၊ သူတို့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမား အဖွဲ့အစည်းတွေအားလုံးက တကယ်ပဲ ခိုင်မာတဲ့ စိတ်ဓာတ်၊ တကယ့် ခိုင်မာတဲ့ နိုင်ငံရေးစိတ်ဓာတ်နဲ့ ခိုင်မာတဲ့ စည်းလုံး ညီညွတ်မှုနဲ့ ကျနော်တို့ ကြိုးပမ်းရမယ်။

ကျနော်တို့က စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို ကျနော်တို့က ဖျက်သိမ်းရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို ကျနော်တို့ လက်နှစ်ဘက်နဲ့ ကျနော်တို့ ကိုယ်တိုင်တည်ဆောက်မယ်။ အဲဒါကို ကျနော်တို့ သံန္နိဌာန် ချကြဖို့၊ လက်တွေ့ လုပ်ကြဖို့ လိုတယ် ဆိုတာကိုပဲ ကျနော်ပြောချင်ပါတယ်။

အေးလဲ့ ဧရာဝတီ သတင်းဋ္ဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form