NEJ/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အကောက်ခွန် ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့ လိုက်ပြီး လူသစ်များနှင့် အစားထိုး ခန့်ထားလိုက်ကြောင်း သိရသည်။
လေဆိပ်တာဝန်ကျ အကောက်ခွန် အရာရှိတဦးက “ပြီးခဲ့တဲ့ တလခွဲလောက်က တဖွဲ့လုံးကို ပြောင်းပစ်လိုက်တယ်။ နောက်ထပ်လူသစ်တွေ အဖွဲ့လိုက် ပြန်ခန့်ထားပေမယ့် အကောက်ခွန် ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကိုတော့ ပေးမထားတော့ဘူး” ဟု ပြောသည်။
လေဆိပ်တာဝန်ကျ ယခင်အကောက်ခွန် ၀န်ထမ်းများသည် လာဘ်စားသည်ဟုဆိုကာ နေပြည် တော်သို့ စာရေး အတိုင်ခံရကြောင်း၊ ပြည်ပခရီးစဉ်များမှ ပြန်ရောက်လာသူများတွင် တင်သွင်း ခွင့်မရှိသည့် ကန့်သတ်ကုန်များကို တင်သွင်းခွင့်ပေးခြင်း၊ အခွန်ဆောင်ရန် လိုအပ်သည့် ပစ္စည်းများကို လာဘ်ငွေယူကာ အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အခွန်ကောက်ခံရာတွင် လာဘ် ငွေယူကာ အခွန်လျော့ပေါ့ ကောက်ခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခုအခါ တင်သွင်းခွင့် မရှိသည့် ကန့်သတ် ကုန်များနှင့် အခွန်စည်းကြပ်ရမည့် ကုန်ပစ္စည်းများ ကိုပါ လေဆိပ်အ၀င်တွင် သိမ်းဆည်းနေပြီး အဆိုပါ ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ အခွန်စည်းကြပ်ပြီး ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းများကို ရန်ကုန်ကမ်းနား
လမ်း အကောက်ခွန် ရုံးချုပ်ကသာ တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့သိမ်းယူရာတွင် ကန့်သတ် ကုန်ပစ္စည်းများသာမက တရားဝင် အိမ်သုံးပစ္စည်းများကိုပါ လေဆိပ်တွင် သိမ်းဆည်းနေသောကြောင့် အသိမ်းခံရသူ ပြည်ပခရီးသွားအချို့က မကျေမနပ် ဖြစ်နေကြသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောသည်။
နအဖ ထိပ်ပိုင်းခေါင်းဆောင်များက ၎င်းတို့ သားသမီးများ၏ အကောက်ခွန်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုကို ဖော်ထုတ်ရန် ကြိုးစားသည့် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ခင်မောင်လင်းနှင့် အကောက်ခွန်ဌာန တခုလုံးမှ အရာရှိကြီးငယ်များကို ဖမ်းဆီးထောင်ချခဲ့ပြီး ဖြစ်ကြောင်း ရာထူးမှ ထုတ်ပယ်ခံရသူ အကောက်ခွန်အရာရှိဟောင်းတဦးက ပြောသည်။
၎င်းက “ဒါပေမယ့် အခုလိုပဲ လာဘ်ပေး လာဘ်ယူမှုတွေကြောင့် အရေးယူမှုတွေ ဆက်တိုက် လုပ်နေသေးတာပဲ။ လက်တွေ့ကျတဲ့ အခွန်ဆိုင်ရာ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းကျင့်သုံးမှသာ ပြဿနာတွေ ပြေလည်နိုင်မယ်” ဟု ပြောသည်။
ခေတ်ပြိုင် မှ သတင်းရယူပါသည်။

Tags
သတင်း