ဂျပန်ရဲတပ်ဖွဲ့ စုံစမ်းမှု လုပ်ပြီ

ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေး အတွင်းက ဂျပန်သတင်းထောက် မည်သို့မည်ပုံ သေဆုံးခဲ့သည်ကို စုံစမ်းစစ်ဆေးရန် အတွက် ဂျပန်ရဲတပ်ဖွဲ့ ရန်ကုန်မြို့သို ရောက်နေကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။

"ဆူးလေနားမှာ တွေ့လိုက်တယ်။" ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။

နံနက် ၁၀ နာရီခန့်က ဂျပန်ရဲဝတ်စုံ ၀တ်ထားသော ရဲများကို စစ်ကားတစီးနှင့် ပါသွားခဲ့သည်ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။

ဂျပန် အေပီအက်ဖ် သတင်းဌာနမှ ဗီဒီယို သတင်းထောက် ကန်ဂျီ နာဂါအိ (အသက် ၅၀ နှစ်) သည် စက်တင်ဘာ ၂၆-၂၇ ရက်နေ့များက ရန်ကုန်တွင် စစ်သားများက မောင်းပြန်ရိုင်ဖယ်များဖြင် ရဟန်းတော်များ ဦးဆောင်သော ဆန္ဒပြသူများကို ပစ်ခတ်ရာတွင် သေဆုံးခဲ့သူများအနက် တဦးဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားချက်အရ အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့သည်။

အဖွဲ့ဝင်လေးဦးပါ ဂျပန်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များသည် ယနေ့တွင် ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်ကလာသော အေပီသတင်းတရပ်က ယမန်နေ့က ပြောသည်။

ကန်ဂျီ နာဂါအိကို စစ်သားတယောက်က အနီးကပ် ပစ်ခတ်ခဲ့ပုံ ဗီဒီယိုမှတ်တမ်းသည် ကမ္ဘာအနှံ့ ပြန့်နှံသွားခဲ့သည်။ သို့သော် မြန်မာ စစ်အစိုးရကတော့ ဂျပန်သတင်းထောက် သေဆုံးမှုသည် မတော်တဆမှုသာ ဖြစ်သည်ဟု ဆိုသည်။

နေ့စဉ်ထုတ် သတင်းစာများတွင် ပါရှိသည့် ဆောင်းပါးများကလည်း ဂျပန်သတင်းထောက်မှာ တိုးရစ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး အန္တရာယ်ရှိသည့် နေရာများသို့ သွားရောက်ခဲ့သည့်အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဆိုသည်။



မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form