အင်းစိန်ထောင်အတွင်း သီလရှင်နှင့် ရဟန်းများကို ဆေးမကုပေး

နယူးဒေလီ။ ။ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရသည့် သက်ကြီး သီလရှင်များနှင့် ရဟန်းများ ဆေးကုသမှု အရေးတကြီး လိုအပ်နေကြောင်း အတိုက်အခံ နိုင်ငံရေးပါတီက ပြောဆိုလိုက်သည်။

လေဖြတ်ရောဂါ၊ နှလုံးရောဂါ ဖြစ်ပွားနေသူများ ပါဝင်သော သီလရှင် ၄ ပါးနှင့် ရဟန်းတော် ၂ ပါးမှာ လိုအပ်သော ဆေးဝါးများ မရရှိခြင်းကြောင့် ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားလာခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

သီလရှင် ၄ ပါးမှာ ဒေါ်ပညာသိင်္ဂီ (ခ) ဒေါ်ညွှန့် (၅၄ နှစ်)၊ ဒေါ်ပုဏ္ဏမီ (ခ) ဒေါ်မြညွှန့် (၈၃ နှစ်)၊ ဒေါ်ထေရီ (ခ) ဒေါ်စန်း (၇၉ နှစ်)၊ ဒေါ်သိံဂ္ဂီ (ခ) ဒေါ်စန်းရီ (၆၄ နှစ်) တို့ ဖြစ်သည်။ ဒေါ်ပညာသိင်္ဂီမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်ရှိ သစ္စာသရဖူ ကျောင်းတိုက်မှ ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာသရဖူ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးအာနန္ဒ (ခ) ဦးအောင်ဇေယျ (၆၄ နှစ်) မှာ လေဖြတ်သည့် ရောဂါ ခံစားနေရပြီး ဦးနန္ဒဝရ (ခ) ဦးထွန်းဦးမှာ လေဖြန်းရောဂါကြောင့် လမ်းကောင်းစွာ မလျှောက်နိုင် ဖြစ်နေသည်။

“ပြောရရင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုက မရှိသလောက် ဖြစ်နေတယ်ဗျ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အလားတူပင် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီး အပါအဝင် အမျိုးသမီး ၄ ဦးလည်း နှလုံးရောဂါနှင့် အစာအိမ်ရောဂါများ ခံစားနေရသည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ပြောသည်။

“မမီးမီးဆိုရင် ဖြစ်တာက နှလုံးရောဂါ၊ ထောင်က ပေးတာက အစာအိမ် ဆေးတွေ။ အဲလို အနာတခြား ဆေးတခြားပေးတော့ သူတို့ ကျန်းမာရေးက ပိုဆိုးလာတာပေါ့” ဟု အမည်မဖော်လိုသူ သူမ၏ သူငယ်ချင်းတဦးက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေး (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က အင်းစိန်ထောင် အာဏာပိုင်များသည် တာဝန်ရှိသူများ လာရောက်သည့် အခါတွင်မှ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကောင်းမွန်စွာ ဟန်ပြ လုပ်ဆောင်လေ့ ရှိသည်ဟု ပြောသည်။

“အင်းစိန်ထောင်ကတော့ လူကြီးတွေလာတယ်၊ နိုင်ငံတကာက ဧည့်သည်တွေ လာတယ်၊ တာဝန်ရှိတဲ့လူ လာတယ်ဆိုရင် လာတုန်းခဏကတော့ သူတို့ ဘယ်လိုကျန်းရေး စောင့်ရှောက်နေတယ်။ ဘယ်လောက်အထိ ဂရုစိုက်နေတယ် ဆိုတာ အမြဲပြနေတာပဲ။ ပြန်သွားပြီဆိုရင် သူတို့လုပ်ချင်တာ ပြန်လုပ်တာပဲ။ ဒါက ၈၈ နောက်ပိုင်း တောက်လျှောက် ကျင့်သုံးလာတာပဲ” ဟု သူ ပြောသည်။

နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေး (မြန်မာနိုင်ငံ) ၏ စာရင်းအရ စက်တင်ဘာ တော်လှန်ရေး နောက်ပိုင်း သံဃာတော် ၄၂ ပါးခန့်နှင့် သီလရှင် ၁ဝ ပါး ခန့် အင်းစိန်ထောင်အတွင်း အဖမ်းခံထားရသည်ဟု သိရသည်။

မဇ္ဈိမ သတင်းဋ္ဌာန မှ သတင်းရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form