လာမည့်မေလတွင်ပြုလုပ်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂၀၁၀ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ကဦးစီးဦးဆောင်ပါဝင်မည်ဖြစ်ကြောင်း ၎င်းအသင်း နှင့်နီးစပ်သူတဦးကပြောသည်။
ကြံ့ဖွံ့ အသင်းအနေနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အဆင့်ထိ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေ ပြီဖြစ်ပြီး ယခုလက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်သူလူထုက လေးစားမှု ရှိနိုင်မည်ဖြစ်သော အသင်းသား သစ်များကို လိုက်လံရှာဖွေ စုဆောင်းလျှက်ရှိသည်ဟု ၎င်းကပြောပြသည်။
နောက်ပိုင်းတွင် ကြံ့ဖွံ့အသင်းက ပြည်နယ်အမတ်လောင်းများရွေးချယ်တင်မြှောက်ကာ ၂၀၁၀ရွေးကောက်ပွဲ တွင် အရေး ကြီးသောအခန်းကဏ္ဍမှပါဝင်၍ အရွေးခံသွားရန်ရှိသည်ဟုဆိုသည်။
“အခုလောလောဆည် ကြံ့ဖွံ့အသင်းက အမတ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်နိုင်ဖို့ ပညာတတ်တွေ၊ လူထုက လေးစားနိုင် မယ့်သူတွေနဲ့ ချမ်းသာတဲ့သူတွေကို အသင်းသားအဖြစ် သက်မှတ်ဖို့ ကျိုးစားရှာဖွေနေပါ တယ်” ဟု ၎င်းကဆက်ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ စ ည) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ကြီးက ကြံ့ဖွံ့အသင်း အနေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးအသွင်ဆောင်သော အသင်းအဖွဲ့ အဖြစ် ကူးပြောင်းလာဖွယ် ရှိကြောင်း ပြောသည်။
၎င်းက ဂျာမန်သတင်းဌာနတခုဖြစ်သော DPA သို့ပြောကြားရာတွင် ၂၀၁၀ပြည့်နှစ်တွင်ကျင်းပမည့် ရွေး ကောက်ပွဲသည် လွတ်လပ်၍တရားမျှတမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိမ့်မည်ဟု ယုံကြည် သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင်နေထိုင်သည့် မြန်မာပြည်အကြောင်းလေ့လာသူတဦးဖြစ်သူ ဦးဌေးအောင်က မြန်မာစစ်အစိုးရ အနေနှင့် ကြံ့ဖွံ့အသင်းကို စစ်အစိုးရကနောက်ခံပြုထားပေးသော နိုင်ငံရေးပါတီတခုအသွင်သို့ ကူးပြောင်းရန် တဖြည်းဖြည်းကြိုးစား နေသည်ဟု သုံးသပ်သည်။ ဆက်လက်၍၎င်းက အနီးစပ်ဆုံးတခုအဖြစ် ၂၀၀၇ စက် တင်ဘာအရေးအခင်းကာလက ကြံ့ဖွံ့အသင်းကို လူထုအား ဖိနှိပ်ရန်စစ်တပ်က အသုံးချခဲ့သည်ဟု ဆိုသည်။
“စစ်အစိုးရက ကြံ့ဖွံ့အသင်းကို လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးကိရိယာတံဆာပလာအဖြစ် အသုံးချသွားလိမ့်မယ်။ ၂၀၀၅ ခုနှစ်တုန်းက ကြံ့ဖွံ့အသင်းရဲ့အထွေထွေအတွင်းရေမှူး ဦးဌေးဦးက ကြံ့ဖွံ့အသင်းအနေနဲ့လိုအပ်ရင် နိုင်ငံရေးအသွင် ကူးပြောင်းရလိမ့်မယ် လို့တရားဝင်ပြောသွားဖူးတယ်” ဟု ဦးဌေးအောင်ကပြော သည်။
တရားဝင်စာရင်းဇယားအရ ကြံ့ဖွံ့အသင်းကို ၁၉၉၃ခုနှစ်တွင်စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသဖြင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“စစ်အစိုးရကတော့ ရွေးကောက်ပွဲမှာ သူတို့ဘက်ကအနိုင်ရလိမ့်မယ်၊ နောက်ဆုံး ကြံ့ဖွံ့အသင်းပဲ အာဏာရရမယ်လို့ သေချာပေါက်တွက်ထားပုံရတယ်” ဟု ဦးဌေးအောင်ကပြောသည်။
ကြံ့ဖွံ့အသင်းဝင်များသည် ပြည်သူလူထု၏အားပေးထောက်ခံမှုကိုရရှိရန် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့ကြ သော်လည်း ပြည်သူလူ၏ အစစ်အမှန်အားပေးထောက်ခံမှုကို မရရှိနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။
“ကြံ့ဖွံ့တွေဝင်အရွေးခံမယ်ဆိုတာ အားလုံးသိနေတာပဲ။ လူထုကတော့ ဘယ်လိုပဲမက်လုံးပေးပေး ဒီကြံ့ဖွံ့ဆို တာကို ကြည့်မရကြဘူး။ အသင်းထဲကို အတင်းအကြပ်စေခိုင်းလို့ ဝင်လိုက်ရတာပဲရှိတယ် တော်တော်များ များက မဝင်ချင်ကြဘူး” ဟု ၎င်းကပြောသည်။ မကြာသေးမီကကြံ့ဖွံ့အသင်းသားများကို ဂျီအက်စ်အမ်ဖုန်းများ ချပေးခဲ့ကြောင်း ကြားသိရပြီး ရွေးကောက်ပွဲကိစ္စကို လူထုက နှစ်သက်လိုလားခြင်းမရှိဟု ၎င်းကဆက် ပြောသည်။
၁၉၉၃ခုနှစ်က စတင်ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင် ကြံ့ဖွံ့အသင်းသား၆၃၃ဦးတက်ရောက်ခွင့် ရရှိခဲ့ပြီး တက်ရောက် သူညီလာခံကိုယ်စားလှယ် စုစုပေါင်း၏ ၅၈ရာခိုင်နှုန်းရှိသည်။
၎င်းကြံ့ဖွံ့အသင်းအနေနှင့် ဝန်ထမ်းများ၊ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များကို မဖြစ်မနေ အသင်းဝင်ရန် ဖိအားပေး နှိုးဆော်ခဲ့သဖြင့် အသင်းဝင်ကြရသော်လည်း အများစုမှာ မကျေနပ်ကြ ကြောင်း ဝန်ထမ်းတဦးက ပြောပြသည်။
ကြံ့ဖွံ့အသင်းဝင်များအနေနှင့် ၂၀၀၃ခုနှစ်က ဒေါ်အောင်းဆန်းစုကြည်ပါဝင်သော မော်တော်ယာဉ်တန်းကို တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့်ပြင် ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းတွင်လည်း သံဃာတော်များနှင့် လူထုကို တိုက်ခိုက်ဖြိုခွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဧရာဝတီ သတင်းဋ္ဌာန မှ

Tags
သတင်း