ပဒိုမန်းရှာအားလုပ်ကြံသူများ စီးလာသည့်ကားကို ရဲကရှာဖွေတွေ့ရှိ


သောင်ရင်းမြစ်အနီးမှ သိမ်းဆည်းရရှိသည့် တိုယိုတာဟိုင်းလက်ကား
ယမန်နေ့ညနေက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံသတ်ဖြတ်သွားသူများ အသုံးပြုခဲ့သည့် ထိုင်းအက္ခရာ (ချောချန့် ထောထန် - ၄၂၅) တိုယိုတာဟိုင်းလက် ဖိုးဝှီးနှစ်ခန်းတွဲ ကားအနက်အား ယနေ့နံနက်တွင် သောင်းရင်းမြစ် နယ်စပ်မျဉ်းအနီးတွင် မဲဆောက်ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်။

အဆိုပါကားအား မဲဆောက်မြို့မှ ကီလိုမီတာ (၂၀) ခန့်အကွာရှိ ထိုင်းဘက်ကမ်း ဝှေ့ဘုန်းရွာရှိ ဂိတ်အမှတ် (၁၇) တွင် ရပ်ထားသည်ကို တွေ့ရှိသဖြင့် ရဲကသိမ်းယူလာခဲ့ခြင်းဖြစ်သည်။

မဲဆောက်ရဲစခန်းတွင် ကားအတွင်းရှိ သဲလွန်စနှင့် လက်ဗွေရာများအား ထိုင်းအထူးမှုခင်းရဲတပ်ဖွဲ့ က မှတ်တမ်းတင် ရရှိခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့နယ် ရဲဗိုလ်မှူးကြီး ဖတ်စ၀ပ်တင်ကျွိက “မနေ့က ညနေ (၃) နာရီလောက်မှာ ရွှေကုက္ကိုရွာကနေ ကရင်လူမျိုးတွေကူးလာပြီး အဲဒီကားကိုငှားပြီး မဲဆောက်ကို သွားတယ်။ ညနေ (၅) နာရီကျော်လောက်မှာ ပြန်လာပြီး အဲဒီကားကိုထားပြီး ဗမာဖက်ကမ်းကို ပြန်ကူးသွားတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းမှာ ဥပဒေချိုးဖောက်ရင်တော့ အရေးယူအပြစ်ပေးခြင်းခံရမယ်။ ဒီအမှုကို အတိအကျ စစ်ဆေးဖော်ထုတ်ပြီးရင် ပြစ်မှုကျူးလွန် သူတွေကို အရေးယူသွားမယ်” ဟု သတင်းထောက်များအား ပြောသည်။

ကားပိုင်ရှင်မှာ သစ်ကုန်သည် ဘွန်းဆိုသူဖြစ်ကာ မြန်မာဘက်ကမ်းတွင် သစ်လုပ်ငန်းလုပ်ကိုင်ပြီး ရွှေကုက္ကိုရွာမှ ကရင်လူမျိုးများနှင့်ရင်းနှီးပြီး ၎င်းတို့ ထိုင်းဘက်ကမ်းသို့လာလျှင် အဆိုပါကားအား ပုံမှန်ငှားစီးနေကျဖြစ်သည်။

မဲဆောက်ရဲမှ အမှုကွင်းဆက်နှင့်ပတ်သက်၍ သဲလွန်စများရထားသော်လည်း တစုံတရာ ထုတ်
ဖော်ပြောဆိုခြင်းမရှိသေးဘဲ ကရင်လူမျိုးများ အချင်းချင်းဖြစ်သည့် ပြဿနာဟုသာ မှတ်ချက်ပေး သည်။

ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်တန်းခေါင်းဆောင်တဦး ယခုကဲ့သို့ မဲဆောက်မြို့တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံရသည့်သတင်းကြောင့် မြန်မာများနှင့်ဒေသခံများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

ခေတ်ပြိုင် သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form