ကြံ့ဖွံ့က မက်လုံးပေး စည်းရုံးရေးဆင်းဟု ဒေသခံများပြော

ရွှေလီ။ ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၌ လာမည့်မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲအတွက် ရည်ရွယ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များက ယခုလ ၂၃ ရက်နေ့မှ စ၍ ဒေသခံများအား မက်လုံးများပေးကာ လိုက်လံ စည်းရုံးနေသည်။

ပြည်နယ် ကြံ့ဖွံ့ တာဝန်ခံနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်ချုပ်သိန်းဇော် က မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်းရှိ ခရစ်ယာန် ဘာသာရေး သင်းအုပ်ဆရာများအား လွန်ခဲ့သည့် ၃ ရက်ခန့်က ခေါ်ယူတွေ့ဆုံကာ GSM ဖုန်းများနှင့် လုပ်ငန်းသုံး ပါမစ်များ ချပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ လက်မှုလုပ်ငန်း လုပ်ပိုင်ခွင့် ပါမစ်များဖြင့် အပေးအယူ လုပ်ပြီး အသင်း ဝင်စေလိုသော သတင်းများ ထွက်ပေါ်နေသည်။

“ကျနော်တို့ မြစ်ကြီးနားမှာက အခု စည်းရုံးနေတာက အရမ်းကို ဟော့ ဖြစ်နေတယ်။ မုဆိုးမတွေ၊ ဆင်းရဲသားတွေပါ မကျန် ဖုန်းချပေးမယ်၊ ပါမစ် ချပေးမယ်၊ အဲလို လုပ်နေတာဆိုတော့ လောလောဆယ်တော့ ဟော့ဖြစ်နေတယ်ဗျ” ဟု မြစ်ကြီးနားသား တဦးက ပြောသည်။

ဒူကထောင်ရပ်ကွက်နေ ကျောင်းသားတဦးကတော့ သူ့ကို စာမေးပွဲ အောင်ရမည် ဆိုသော မက်လုံးဖြင့် ကြံ့ဖွံ့က စည်းရုံးနေသည်ဟု ဆိုသည်။

ရှမ်းစုတောင်ရပ်ကွက်တွင် နေထိုင်သူတဦးက အသင်းဝင်ဖြစ်စေရန် စည်းရုံးနေမှုများသည် မြစ်ကြီးနား တမြို့ထဲတွင်ပင် တရပ်ကွက်နှင့် တရပ်ကွက် တူညီမှုမရှိဘဲ အချို့ရပ်ကွက်များတွင် အိမ်ထောင်စုစာအုပ် လုပ်ပေးသည့် ပုံစံဖောင်များ ဖြည့်ခိုင်းနေသည်လည်း ရှိသည်ဟု ပြောသည်။

“ကြံ့ဖွံ့က လာပေးသွားတာ။ ကျနော် သိတာတော့ ၃ ရပ်ကွက်ပေါ့။ ၂၃ ရက်နေ့က တအိမ်တရွက်နှုန်း လိုက်ဝေသွားတယ်။ အိမ်ထောင်စု စာရင်း ကောက်သလို၊ သန်းကောင်စာရင်း ကောက်သလိုပေါ့။ ဒါပေမဲ့ ထိပ်မှာ ရေးထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံသူများ စာရင်းလို့ ရေးထားတာ။ နာမည်တွေက ၁၃ ယောက်လောက် ရေးလို့ ရတယ်။ အဲဒီမှာ လက်မှတ်လည်း ထိုးရတယ်။” ဟု သူက ပြောသည်။

အမှန်တကယ်ပင် လုပ်ပိုင်ခွင့်၊ ပါမစ်များ ပေး၊ မပေး မည်သူမျှ အတည်မပြုနိုင်သေးသလို အမှန်တကယ် ရရှိသူလည်း မတွေ့ရသေးပေ။ ဒေသခံ ကြံ့ဖွံ့ကိုလည်း ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်နေသည်။

ကချင်ပြည်နယ်၏ အခြား မြို့ကြီးတမြို့ ဖြစ်သည့် ဗန်းမော်မြို့တွင် ပြည်နယ် ကြံ့ဖွံ့တာဝန်ခံ၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်ချုပ်သိန်းဇော်နှင့် မြောက်ပိုင်းတိုင်းမှူးတို့ ယမန်နေ့က ဗန်းမော်သို့ ရောက်ရှိလာသည်။

“အရင် အပါတ်လောက်ကတော့ ဝန်ထမ်းတွေကို ကြံ့ဖွံ့ထဲ အကုန်ဝင်ခိုင်းတယ်။ ဝင်ပြီးသားလည်း ဝင်၊ နာမည်ထပ်ရင် ထပ်နေပါစေ ဆိုပြီး ဝင်ခိုင်းတယ်။ ရပ်ကွက်တွေထဲတော့ ဘာမှမလုပ်သေးဘူး။ နောက်ရက်တွေတော့ ဝန်ကြီးပြန်သွားရင် စလုပ်တော့မလား မသိသေးဘူး” ဟု ဗန်းမော် ဒေသခံ တဦးက ပြောပြသည်။

ယခုလ ၉ ရက်နေ့တွင် နအဖ စစ်အစိုးရက ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ ကြေညာချက်များ ထုတ်ပြန်ပြီး လာမည့် မေလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမည့် လူထုဆန္ဒ ခံယူပွဲ ကျင်းပသွားမည် ဖြစ်ကာ၊ ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပါရှိသည်။ မည်သို့မည်ပုံ ကျင်းပပြုလုပ်မည် ဆိုသည်ကိုမူ ဝှက်ဖဲတချပ်ပမာ ထားရှိနေချိန်တွင် ကြံ့ဖွံ့အသင်းက ယခုလို မက်လုံးများပေး၍ စည်းရုံးရေး ပြုလုပ်နေခြင်း ဖြစ်သည်။

လူဦးရေ သန်းပေါင်း ၅၅ သန်းရှိသည့် မြန်မာပြည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယက ဖြစ်သည့် ကြံ့ဖွံ့အသင်းတွင် အသင်းဝင်၂၄ သန်း ရှိသည်ဟု ကြေညာထားသည်။

မျိုးကြီး မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form