ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ၁၉၈၈ ခုနှစ်၌ လူထူအုံကြွမှု ဖြစ်ပေါ်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းယူပြီး န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကြွေးကြော်ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ပါသည်။ ထိုအချိန်က န၀တ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား အာဏာ လွှဲပြောင်းပေးမည်။ တပ်မတော်သည် သမိုင်းတရားခံ မဖြစ်ချင်ဘူး၊ ရွေးကောက်ပွဲပြီးလျှင် တပ်စခန်း (Barrack)သို့ ပြန်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ တပ်မတော်၏ တာဝန် မဟုတ်ပါ” ဟုပြောဆိုခဲ့သည်ကို ပြည်သူအများ သတိပြုမိ နေလိမ့်မည်ဟု ယူဆပါသည်။
သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၈၄% ကျော် မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ကတိအတိုင်း အာဏာ လွဲပြောင်းပေးခြင်း မပြုဘဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တပ်မတော်မှ အနားယူခိုင်းခဲ့ပါသည်။ နိုင်ငံတော်ကို ဗိုလ်ချုပ်ကြီး သန်းရွှေ (ထိုစဉ်က)မှ ရယူ ချုပ်ကိုင်ခဲ့ပါသည်။ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုခဲ့ပါ။
၁၉၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိ၍ လက်မခံ ငြင်းပယ်ခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသည်ကို သိလျက်နှင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါသနည်း၊ ထိုရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်တရပ် ရေးဆွဲဖို့ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ မိမိကိုယ်တိုင် မူချမှတ် ရေးဆွဲသည့် အခြေခံ ဥပဒေကိုမှ ဘာကြောင့် လိုချင်နေပါသနည်း ဆိုသော မေးခွန်းများ မေးစရာ ဖြစ်လာနေပါသည်။
မိမိ ချမှတ်ထားသော မူအတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို ခေါ်ယူကျင်းပကာ အမျိုးသား ညီလာခံမှ ချမှတ်ပေးသော မူများ ဖြစ်သယောင် ပြည်သူလူထုကို ပုံမှားရိုက်ခဲ့ပါသည်။ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက် ၆ ချက်ကိုပါ မေတ္တာရှိ ချမှတ်ပေးခဲ့ပြန်ပါသည်။ ယင်းတို့မှာ
(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး
(၆) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး တို့ ဖြစ်ပါသည်။
လေ့လာဆန်းစစ်ချက်များ
၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း
နိုင်ငံရေး ဦးတည်ချက် အမှတ်စဉ် (၄) တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဟု ဆိုထားသော်လည်း လက်တွေ့မူများတွင် ပါတီစုံစနစ် ပေါ်လွင်မှုမရှိဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ် အောင် သွယ်ဝိုက်သောနည်းဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်။
နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမတကို ဒုတိယသမတ ရွေးချယ်ရေးအဖွဲ့ (၃)ဖွဲ့မှ ရွေးပေးရမည် ဖြစ်ပြီး ထိုအဖွဲ့ ၃ ဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဒုတိယသမတ (၃)ဦးအနက်မှ တဦးဦးကို ပြည်ထောင်စု လွှတ်တော် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်း)မှ သမတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဒုတိယသမတ ရွေးချယ်ရေး အစုအဖွဲ့များမှာ
၁။ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်)
၂။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)
၃။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်ပါသည်။
ဤသို့ ရွေးချယ် တင်မြှောက်လိုက်သော သမတသည် နိုင်ငံတော် အကြီးအကဲ လည်းကောင်း၊ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ပါတီက အစိုးရဖြစ်ပြီး မည်သည့်ပါတီက အတိုက်အခံ ဖြစ်သည်ဟု မပေါ်လွင်နိုင်တော့ပါ။ ဤကဲသို့ ပါတီစုံ ဒီမိုကရေစီ စနစ်၏ အနှစ်သာရဖြစ်သော အတိုက်အခံပါတီ မရှိခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် ဗဟိုအဆင့်တွင် မရှိသော်လည်း ပြည်နယ်/တိုင်း လွှတ်တော်များတွင် ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဟု မူချမှတ်ထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ပါတီစုံစနစ်တွင် အမှန်တကယ် ကျင့်သုံးလျှက် ရှိသည်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) က အစိုးရဖွဲ့ပြီး ဒုတိယ အများဆုံး အနိုင်ရရှိသည့် ပါတီက အတိုက်အခံပါတီ အဖြစ် ဆောင်ရွက်ကာ အစိုးရက မိမိ ကြိုက်သက်နှစ်သည့် ပုဂ္ဂိုလ်ကို လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ် ခန့်အပ်လေ့ ရှိပါသည်။
သို့ရာတွင် ယခုချမှတ်ထားသော အခြေခံရမည့်မူတွင် တပါတီ အာရှင်စနစ်တွင် ကျင့်သုံးလေ့ရှိသည့် လွှတ်တော် အတွင်းရေးမှူးကို ပုံသေ သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ပါတီစုံ စနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။
၂။ စစ်မှန်သော ဒီမိုကရေစီ (သို့) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ် ဆန်းစစ်ခြင်း
လက်ရှိ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည်ဟု နိုင်ငံတကာသို့ ထုတ်ဖော် ရှင်းပြနေပါသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့်မူများ ချမှတ်ရာတွင်
(၁) လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်ဟူ၍ လည်းကောင်း။
(၂) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည် ဟူ၍လည်းကောင်း။
(၃) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့် မရှိသူ၊ ပုဂ္ဂိုလ်တဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှ တွေ့ရှိရပါက သက်ဆိုင်ရာ လွှတ်တော်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ ဟူ၍လည်းကောင်း မူချမှတ်ထားသည်ကို တွေ့ရှိရပါသည်။
တဖန် ယခုကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားပြန်ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသေးသည့် စနစ် ဖြစ်ပါသည်။ ဘယ်ဟာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်ဟု မည်သူကမျှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို မတွေ့ရှိရသေးပါ။ ကျနော့် အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ပြိုလဲကျဆုံးခဲ့ပြီး ဖြစ်သော အင်ဒိုနီးရှားက ကျင့်သုံးခဲ့သည့် စစ်တပ်အာဏာရှင် (စစ်ဗျူရိုကရက်) စနစ် ဖြစ်သော လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)ကို ရည်ညွှန်းဟန် ရှိသည်ဟု ယူဆရပါသည်။)
၃။ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံကို လေ့လာခြင်း
အထက်တွင် ဖော်ပြပြီးသည့် အတိုင်း နိုင်ငံတော်အစိုးရ အကြီးအကဲသည် နိုင်ငံတော် သမတ ဖြစ်ပါသည်။ သို့ရာတွင် သမတသည် မိမိအစိုးရ အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၀န်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်ပါသည်။ မည်သည့် လွှတ်တော်၏ သဘောတူညီမှုကိုမျှ ရယူရန်လည်း မလိုပါ။ ထို့အပြင် အထက်ပါ ၀န်ကြီး (၃)ဦးသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ပါလျှက် ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး (ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်)၏ လက်အောက်ခံ ဖြစ်နေပါသည်။ နိုင်ငံအများက ကျင့်သုံးနေသကဲ့သို့ ကာကွယ်ရေး ၀န်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်၏ အထက်တွင် ရှိသင့်ပါသည်။ ဤသို့ စစ်တပ်သည် နိုင်ငံတော်အစိုးရ အထက်တွင် ရှိနေခြင်းမှာ သဘာဝမကျဟု ဆိုချင်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှု မရှိပါ။ တဖန် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ သမတများနှင့် အဆင့်အတန်း တူညီသည်ဟု ဆိုထားပြန်ရာ ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများထက် အဆင့်အတန်း ပိုမို မြင့်မားနေကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။
မဇ္ဈိမ သတင်းဋ္ဌာန မှ ရယူ တင်ပြပါသည်။

Tags
ဆောင်းပါး