နိုင်ငံတကာ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(International HIV/AIDS Alliance) က မြန်မာ နိုင်ငံမှ ယင်း အိပ်ခ်ျအိုင်ဗီ လုပ်ငန်းများအား လူမှုဝန်ထမ်းလုပ်ကိုင်နေသူ ၄ ဦးကို လူမှုအသိုင်းအဝန်းတွင် ဦးဆောင်သူများ အဖြစ် သတ်မှတ်၍ ဂုဏ်ပြုဆု ရွေးချယ်လိုက်သည်။
လွန်ခဲ့သော နှစ် ကမ္ဘာ့ အိပ်အိုင်ဗီ/အေအိုင်ဒီအက်စ် နေ့ မှ စတင်၍ လူမှုအသိုင်းအဝန်းရှိ ယင်းလုပ်ငန်းများ နှင့်ပတ်သက်ပြီး ကိုယ်တိုင်စလုပ်သည့်အပြင် တခြားသူများကိုလည်း ပါဝင်လာရန် ဆောင်ရွက် နိုင်သူများကို အသိအမှတ်ပြုခေါ်ဆိုသော “Take the lead” အစီအစဉ်အရ အဆိုပါ ၄ ဦးအား အသိအမှတ်ပြု ရွေးချယ် ခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူ တဦးက ပြောပြသည်။
“အခုရွေးချယ်လိုက်တဲ့ သူတွေဟာ အထူးသဖြင့် ရုံးပြင်ကနားမှာနေကြတာမဟုတ်ဘဲ၊ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ရှိတဲ့ အရင်း အမြစ်တွေနဲ့ စလုပ်တဲ့သူတွေဖြစ်ပါတယ်၊ အဲဒီလူတွေကို အသိအမှတ်ပြုချင်တာပါ၊ ရွေးမယ်ဆို ဒီအလုပ်ကို လုပ်နေတဲ့ လူတွေအားလုံးကိုရွေးရမှာပါ၊ အားလုံးဟာတော်ကြပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
လွန်ခဲ့သော နှစ် စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဒေသအလိုက် လက်တွဲလုပ်ကိုင်နေသူများ၏ တွေ့ဆုံ ဆွေးနွေးပွဲ တွင် ယင်းဆုကို အသိအမှတ်ပြု ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းရှိပြီးသားအခမ်းအနားတွင်ပင် အသိအမှတ်ပြု အစီအစဉ် ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ပြောဆိုသည်။
ဆုရရှိကြသူများမှာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ ကိုဌေးလွင်ဦး၊ ရန်ကုန်မြို့မှ ကိုသီဟကြိုင်၊ ပြည်မြို့မှ အက်ဒွပ် ငြိမ်းနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့မှ မတင်တင်ထွေးတို့ဖြစ်ကြောင်း သိရသည်။
ကိုဌေးလွင်ဦးသည် လိင်တူဆက်ဆံသူ တဦးဖြစ်သော်လည်း ကိုယ်ပိုင်ငွေဖြင့် မီးအိမ်ရှင်လေးများ အမည်ရှိအဖွဲ့ အား ထူထောင်၍ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ခဲ့သူဖြစ်သည်။ ၎င်းမှာ လူမှုအသိုင်းအဝန်း အတွင်းရှိ လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်နေသူလည်း ဖြစ်သည်။
“အခုလိုဆုရတယ် အသိအမှတ်ပြုခံရတယ်ဆိုတော့ ဝမ်းသာတာပေါ့၊ ရှေ့ဆက်လုပ်ဖို့လည်း အားပိုရှိသွားတာပေါ့” ဟု ကိုဌေးလွင်ဦးက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့နေ ကိုသီဟကြိုင်မှာ ၎င်းကိုယ်တိုင် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်တဦးဖြစ်ကြောင်း၊ သို့သော် ဝေဒနာရှင် အနေနှင့် နေထိုင်သူမဟုတ်ဘဲ ၎င်းနှင့် ဘဝတူ ဝေဒနာရှင်များအတွက် ကူညီလုပ်ကိုင်သူဖြစ်ကြောင်း နိုင်ငံတကာ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူ က ပြောပြသည်။
“ကိုသီဟကြိုင်က ဝေဒနာရှင် တဦးအနေနဲ့ ဝန်ဆောင်မှုယူနေရုံတင်မဟုတ်ဘူး၊ တခုခု လုပ်ဖို့လိုတယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ဘာသာကိုယ် စလုပ်လာတာ”ဟု ၎င်းက ဆိုသည်။
ကိုသီဟကြိုင်သည် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်သည့် ရန်ကုန်အခြေစိုက် ဖီးနစ် (Phoenix) လူမှုစောင့်ရှောက်ရေးအဖွဲ့ဝင်တဦးဖြစ်ကြောင်းသိရသည်။
ဆုရရှိသူများထဲက ပြည်မြို့မှ အက်ဒွပ်ငြိမ်းသည် ကက်သလစ်ဘာသာဝင် တဦးဖြစ်ပြီး ကရုနာ အမည်ရှိ အဖွဲ့ စီမံကိန်း မန်နေဂျာ တဦးဖြစ်သည်။ လိင်အလုပ်သမများကို အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်း များအား ဘာသာရေးနယ်မြေများကိုအခြေခံကာ ကိုယ်ပိုင်အသိစိတ်ဖြင့်လုပ်ကိုင်ဆောင်ရွက်နေ သူ ဖြစ်သည်။
မေလမြိုင်မြို့မှ မတင်တင်ထွေးမှာမူ ကိုယ်တိုင် လိင်အလုပ်သမတဦးဖြစ်ခဲ့သော်လည်း မဟေသီ မေတ္တာရှင် အမည်ဖြင့် လိင်အလုပ်သမများကို ပြန်လည်၍ အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ပညာပေးလုပ်ငန်းများကိုဆောင် ရွက်နေသူ တဦး ဖြစ်ကြောင်းသိရသည်။
“မတင်တင်ထွေးက သူက သွားရောက်တွေ့ဆုံကူညီ ပညာပေးရုံတင်မဟုတ်ဘူး၊ သူ့နောက်ကိုလည်း ပါလာအောင် ဆောင်ရွက်နိုင်တဲ့ ဦးဆောင်သူတဦးအဖြစ် အသိအမှတ်ပြုရမယ့် သူတဦးဖြစ်ပါတယ်”ဟု နိုင်ငံတကာ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူ က ပြောသည်။
ယခုဆုရရှိသူများသည် အုပ်ချုပ်သူနေရာမှ မဟုတ်ဘဲ တခြားသူများနှင့် တသားတည်းလုပ်ကိုင်ကြပြီး အများဆန္ဒကို ဦးစားပေးလုပ်ကိုင်သူများဖြစ်၍ အသိအမှတ်ပြုလိုခြင်းဖြစ်ကြောင်း၊ ပြည်သူအများကလည်းထိုသူများ၏တန်ဖိုး ကိုသိပြီး အားရစေလို၍ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုစိုး ဧရာဝတီ သတင်းဋ္ဌာန မှ

Tags
သတင်း