ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် (၉) ဦး ကေအန်ယူနှင့် ပြန်လည်ပူးပေါင်း

တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီ

နအဖစစ်အစိုးရထံ ခိုလှုံသွားသည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇ဝ၃ ) မှ ဗိုလ်ကြီးဆဲထီ ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၉ )ဦးနှင့် မိသားစုဝင် (၃ဝ) တို့သည် ယနေ့နံနက်က ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ (၇) သို့ ပြန်လည်ဝင်ရောက် ပူးပေါင်းသည်။

အဖွဲ့တွင်း ဖိနှိပ်မှုများနှင့် အသက်အန္တရာယ် စိုးရိမ်ရ သည့် အခြေအနေကြောင့် ယခုကဲ့သို့ မိခင် အဖွဲ့ အစည်းထံပြန်လာရခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဆဲထီက ပြောသည်။

၎င်းက "ကျနော်တို့ တပ်ရင်းမှူး ဗိုလ်ကျော်အေးကို ဗိုလ်ဌေးမောင်က သူ့သမက် လယ်မူး သေတဲ့ ကိစ္စမှာ ဗိုလ်ကျော်အေးက ဗိုလ်ဂျော်နီနဲ့ ဆက်သွယ်လုပ်ကြံတယ်ဆိုပြီး ကျနော်တို့တပ်ရင်းမှူးကို နအဖလက်ထဲ အပ်ပြီး ရှင်းခိုင်းလိုက်တယ်။ လက်အောက်ငယ်သား (၂) ယောက်ကိုလည်း အဲဒီ ကိစ္စမှာ မသင်္ကာလို့ဆိုပြီး သတ်ပစ်လိုက်တယ်။ သတ်ပစ်တာကိုမြင်တဲ့ ရွာသား (၂) ယောက် ကိုလည်း သတ်ပစ်လိုက်တယ်။ ကျနော်တို့ကိုလည်း ဆက်ပြီး ရှင်းမယ့်အစီအစဉ်ရှိလို့ အခုလို ထွက်ပြေးလာရတာ" ဟု ပြောသည်။

တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီက "လမ်းမှားကိုရောက်သွားတဲ့ ကိုယ့်သားသမီးတွေ ပြန်လာတာ ကြိုဆိုတယ်။ အဓိကကတော့ ဗိုလ်ဌေးမောင်ပဲ။ ဒီကလေးတွေ ဘာအပြစ်မှမရှိဘူး။ အခုလို ပြန်လည်ပူးပေါင်းလာတဲ့သူတွေကို အမြဲတမ်း တံခါးဖွင့်ထားပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး စခန်းမှ ထွက်ခွာလာသည့် ဗိုလ်ကြီးဆဲထီနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မဟာ (၇) သို့ ရောက်ရှိသည်။

ကေအန်ယူ ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက "နအဖရဲ့ ဖားဖားခြင်း ငါးငါးခြင်း စားခိုင်းတဲ့ အကွက်ထဲကို ဆိုက်သွားတဲ့ သာဓကပါပဲ။ အမြင်မှန်ရပြီး ပြန်လာတဲ့ သူတွေကို မိခင်အဖွဲ့က နွေးနွေးထွေးထွေး ကြိုဆိုပြီး လိုအပ်တာတွေကို ပံ့ပိုးပေးသွားမှာ ဖြစ်တယ်" ဟု ပြောသည်။

ယမန်နှစ် ဖေဖော်ဝါရီလက ဗိုလ်ဌေးမောင်နှင့်အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ပြီး နအဖနှင့် ပူးပေါင်းကာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအား ဖွဲ့စည်းခဲ့သည်။

ခေတ်ပြိုင် သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form