ရမ္ဘို လက်ဝယ်ထားပါက ထောင်ဒဏ် (၁၂) နှစ်

ကမ္ဘာ့နိုင်ငံအတော်များများတွင် ရုံတင်ပြသနေ သည့် မြန်မာနိုင်ငံအကြောင်းရိုက်ကူးထားသည့် ရမ်ဘို-၄ ရုပ်ရှင်ဇာတ်ကား ဒီဗီဒီဓာတ်ပြားများကို လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် (၁၂) နှစ်ထိ ပြစ်ဒဏ်ချခံရမည်ဟု ရန်ကုန်မြို့မှ နယ်မြေခံ ရဲများက ဒီဗီဒီရောင်းသူများကို လိုက်လံ သတိ ပေးနေကြောင်း သိရသည်။
လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်တွင် ဒီဗွီဒီဓာတ်ပြားရောင်းသူတဦးက “ကျနော်တို့နယ် မြေမှာတော့ ဗုဒ္ဓဟူးနေ့က လိုက်သတိပေးတယ်။ နယ်မြေခံရဲတယောက်ရယ်၊ အရပ်ဝတ်
တယောက်ရယ် ဆိုင်တိုင်းကိုလိုက်ပြောတယ်။ ကျနော့်ဆိုင်ကိုလည်း လာပြောတယ်။ ရမ်ဘို ကားမရောင်းနဲ့၊ ရောင်းရောင်း မရောင်းရောင်း လက်ဝယ်တွေ့တာနဲ့ ထောင် (၁၂) နှစ်
ချမယ်လို့ ပြောတယ်” ဟု ဆိုသည်။

ရမ်ဘို-၄ သည် နအဖစစ်တပ်၏ ဖမ်းဆီးခြင်းခံနေရသည့် လူသားချင်းစာနာမှု အကူအညီ
ပေးသော ခရစ်ယာန်သာသနာပြုအဖွဲ့ကို ရမ်ဘိုက သွားရောက်ကယ်တင်သည့် ဇာတ်လမ်းဖြင့် ဇာတ်အိမ်ဖွဲ့ထားပြီး နယ်စပ်ရှိ တိုင်းရင်းသားလူမျိုးများအပေါ် နအဖစစ်တပ်၏ရက်စက်မှုများကို ဖော်ကျူးထားသော ရုပ်ရှင်ဖြစ်သည်။

အနော်ရထာလမ်း လမ်းဘေးတွင် ဓာတ်ပြားခွေရောင်းချသူတဦးကလည်း ၎င်းတို့အား အလား တူသတိပေးမှုမျိုးရှိကြောင်း၊ မိမိဆိုင်မှ တဆိုင်ကျော် ဒီဗွီဒီရောင်းသူတဦးက ဤဆိုင်တွင်
ရမ်ဘို-၄ ဇာတ်ကားမရောင်းပါဆိုသည့် ဆိုင်းဘုတ်အသေးလေးတခုကို ဆော့ဖ်ပင်နှင့်ရေးပြီး သူ့ဆိုင်တွင်ထောင်ထားကြောင်း ပြောသည်။

“အဲလို ဆိုင်းဘုတ်ထောင်ထားတာကို ရဲကမြင်သွားပြီး တားမြစ်တာမှန်ပေမယ့် လူအများ သိ အောင် စာတမ်းထိုးတာမျိုး လုပ်စရာမလိုဘူးလို့ အဲဒီလူကို ကြိမ်းမောင်းခဲ့တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်းများပေါ်တွင် ဗီစီဒီ၊ ဒီဗီဒီ ဓာတ်ပြားအရောင်း
ဆိုင်များ ရာဂဏန်းနှင့်ချီရှိနေပြီး အဆိုပါဆိုင်များတွင် မြန်မာဗီစီဒီကာရာအိုကေ ခိုးကူးခွေးများ၊ မြန်မာတေးသီချင်း ခိုးကူးခွေးများ၊ တရုတ်ပြည်မှ ၀င်လာသည့် ဇာတ်ကား (၂၀-၃၀) ကျော်ပါ ဒီဗီဒီဓာတ်ပြားများ၊ မြန်မာစာတမ်းထိုး ကိုရီးယားအခန်းဆက် ဇာတ်လမ်းများ၊ မြန်မာစာတမ်းထိုး နိုင်ငံခြားဇာတ်ကားများ စသည်ဖြင့် စုံလင်စွာ ရောင်းချနေကြောင်းသိရသည်။

အဆိုပါဓာတ်ပြားများကို စစ်အစိုးရက ခွင့်မပြုသည့်အတွက် နယ်မြေခံရဲ၊ အရပ်ဝတ်ထောက် လှမ်းရေး၊ စည်ပင်ဝန်ထမ်းအပါအ၀င် အောက်ခြေအာဏာပိုင်အဖွဲ့အစည်းများကို ဆက်ကြေး လာဘ်ငွေပေးပြီး ရောင်းချနေကြရကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

ခေတ်ပြိုင် သတင်းဋ္ဌာန မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form