ဂျာနယ်ထုတ်ဝေခွင့်ကတ် ပိုင်ရှင်က ဆက်လက် ငှားရမ်းခြင်း မရှိတော့သဖြင့် သက်တမ်းရင့် ဂျာနယ် တစောင်ဖြစ်ပြီး စောင်ရေများပြားသည့် ကုမုဒြာ ဂျာနယ် ရပ်ဆိုင်းသွားကြောင်း သိရသည်။
စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ကတ်ပိုင်ရှင်ကို ဖိအားပေးခဲ့သောကြောင့်ဖြစ်ကြောင်း ယဉ်ကျေးမှု
ဝန်ကြီးဌာန ရန်ကုန် ပန်တျာကျောင်းမှ ၀န်ထမ်းတဦးက ပြောသည်။
ကုမုဒြာဂျာနယ်၏ ထုတ်ဝေခွင့် ကတ်ပိုင်ရှင်သည် ယဉ်ကျေးမှုဝန်ကြီးဌာန ပန်တျာကျောင်းမှ
ဖြစ်ပြီး ဦးမြတ်သူရ နာမည်ဖြင့် ရရှိထားခြင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့လက ကျနော်တို့ရုံးက တာဝန်ရှိသူတဦးကို စာပေစိစစ်ရေးက ဆင့်ခေါ်ပြီး ဂျာနယ်ထုတ်ဝေခွင့် ကတ်ပိုင်ရှင်အနေနဲ့ ကိုယ်တိုင် ထုတ်ဝေရမှာဖြစ်တယ်။ အခြားသူ တယောက်ယောက်ကို လက်လွှဲရောင်းခြင်း၊ ငှားရမ်းလုပ်ကိုင်စေခြင်းဟာ ဥပဒေနဲ့မညီ
ညွတ်ဘူး၊ အကယ်၍ မလိုက်နာရင် အရေးယူခံရနိုင်တယ်၊ ဒီအချက်တွေကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒါနဲ့ အဲဒီမှာ ခံဝန်လက်မှတ်ရေးထိုးပြီး ကျနော်တို့ကတ်ကို
ငှားရမ်းထုတ်ဝေနေတဲ့ ဦးဝေလျှံကို အကြောင်းကြားပြီး ထုတ်ဝေခွင့်ကတ်ကို ပြန်ယူ လိုက်တာဖြစ်တယ်” ဟု ပြောသည်။
ကုမုဒြာ သတင်းဂျာနယ်သည် မြန်မာနိုင်ငံတွင် အရေအတွက် အနည်းငယ်သာရှိသည့် ပုဂ္ဂလိက ဂျာနယ်များအနက် တစောင်ဖြစ်ပြီး ပြည်သူများအကြား ရေပန်းစားသည့် ဂျာနယ်တစောင်လည်း ဖြစ်သည်။ ယခုအခါ ထုတ်ဝေခွင့်ကတ် ပြန်လည် သိမ်းယူခံရသဖြင့် ဂျာနယ် ရပ်ဆိုင်းသွားပြီ ဖြစ်သည်။
ကုမုဒြာဂျာနယ်သည် ယခင် စစ်ထောက်လှမ်းရေးများ ခေတ်ကောင်းစဉ်က ဂျာနယ်အမှန်တကယ်
ထုတ်ဝေသူများကို လိုင်စင်ချမပေးဘဲ ဌာနဆိုင်ရာများကိုသာ လိုင်စင်ချပေးခဲ့စဉ်က ရရှိခဲ့သည့် လိုင်စင်ဖြစ်သည်။
နအဖ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေခွင့် လိုင်စင်ချပေးခြင်းကို တင်းကြပ် စွာချုပ်ကိုင်သောကြောင့် ဂျာနယ်လောကမှ အမှန်တကယ် ထုတ်ဝေလိုသူများက ထုတ်ဝေခွင့်
ကတ် ရရှိထားသူများထံမှ ငှားရမ်း၊ ၀ယ်ယူ၍ ထုတ်ဝေနေကြခြင်းဖြစ်သည်။
စစ်အစိုးရ ပြန်ကြားရေးဌာနကမူ ဥပဒေအရ အဆိုပါ လိုင်စင်များကို ငှားရမ်းခြင်း၊ လက်လွှဲ ရောင်းချခြင်းတို့ကို ခွင့်မပြုဘဲ ၎င်းတို့ မလိုလားခဲ့ပါက တဆင့်ခံ ငှားရမ်းထုတ်ဝေသူများကို
ဂျာနယ် မဂ္ဂဇင်း ထုတ်ဝေခွင့် ရပ်ဆိုင်းသွားစေရန် ပြုလုပ်လေ့ရှိသည်။
ကုမုဒြာသတင်းဂျာနယ် ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးဝေလျှံသည် ယခင်က ဓနစီးပွားရေးမဂ္ဂဇင်းကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သူ ၀ါရင့်အယ်ဒီတာတဦး ဖြစ်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၂၅) ရက်ထုတ် ( ၃၀၃) စောင်မြောက် ကုမုဒြာဂျာနယ် ထွက်ရှိခဲ့ပြီးနောက် ယခုအချိန်အထိ ဆက်လက်ထုတ်ဝေခြင်း မရှိသေးပေ။
ခေတ်ပြိုင် သတင်းဌာန မှ

Tags
သတင်း