ဗုံးဒဏ်ရာရ မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံနေရဆဲဖြစ်

ချင်းမိုင်။ ။ ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်ရှိ နှစ်ထပ် ရဲစခန်းအချုပ်တွင် ဗုံးဒဏ်ရာ ရထားသည့် မြန်မာလုပ်သား ၁၁ ဦးအား ရုံးတင် စစ်ဆေးခြင်း မရှိဘဲ ယနေ့တိုင် ဆက်လက် ဖမ်းဆီးထားသည်။

ယခုလ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်မြို့အပြင်ရှိ အမှိုက်ပုံကြီးတခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒဏ်ရာရသူ မြန်မာလုပ်သားများအား မဲဆောက်ဆေးရုံတွင် ဆေးကုသခံနေစဉ် နေ့လည် တနာရီခန့်တွင် ထိုင်းရဲက စစ်ဆေးရန်ဟု ဆိုကာ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကျနော်က လိုအပ်လို့ ဘာသာ ပြန်ပေးနေတုန်း ထိုင်းရဲက စစ်ဆေးဖို့ဆိုပြီး လာဖမ်းသွားတာပါ” ဟု အမည်မဖော်လိုသူ မြန်မာ လူငယ်တဦးက ပြောသည်။

သူတို့သည် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ မဟုတ်ဘဲ၊ အမှိုက်ကောက်သည့် အလုပ်ကို လုပ်ကိုင်နေကြသူများ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အခြေအနေ အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲဝန်ထမ်းက ဖြေကြားရန် ငြင်းဆိုသည်။

၁၁ ဦးစလုံးကို ဆေးကုသခွင့် ဆက်မပေးသောကြောင့် ကိုယ်ခန္ဓာ၌ ဖူးယောင်သူများ ရှိနေသလို၊ လိုအပ်သည့် အစားအသောက်များကိုမူ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က နေ့စဉ် ထောက်ပံ့ ပေးနေသည်။

အဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “ဆေးရုံမှာ ဆေးကုသတဲ့ လူတွေကို လာပြီးတော့ ဖမ်းတာက လူ့အခွင့်အရေး ရှုထောင့်အရဆိုရင် ဒါက မလုပ်သင့်တဲ့ ကိစ္စ။ သူတို့က အခုအနေနဲ့ ထားမယ်ဆိုရင် မျက်မြင်သက်သေ အနေနဲ့ ထားလို့မရဘူး။ မျက်မြင်သက်သေ အနေနဲ့ ထားမယ်ဆိုရင် သူတို့ကို အချုပ်ခန်းထဲမှာ မထားသင့်ဘူး။ ဒဏ်ရာလည်း ရထားတဲ့ လူတွေပါတဲ့အတွက် သူတို့ကို ရဲရဲ့ လုံခြုံတဲ့ အိမ်တအိမ်မှာ ထားပေးရမယ်၊ ဆေးကုသခွင့် ပေးရမယ်၊ ရုံးထုတ်ဖို့ လိုမယ်လေ။ ရုံးလည်း မထုတ်ဘူး။ အချုပ်ထဲမှာ အဲဒီအတိုင်း ဖြစ်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလို ထိုင်းအာဏာပိုင် ရဲများက မျက်မြင်သက်သေအဖြစ် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော မြန်မာ အန်ဂျီအို အဖွဲ့များ အပါအဝင်နှင့် ဖွဲ့စည်းထားသော (Action Network For Migrants) ကလည်း အမှုကို အမြန်ဆုံး စစ်ဆေးပေးရန်နှင့် ထိန်းသိမ်းထားသူများကို ဆေးကုသခွင့် ပေးကာ၊ ဒဏ်ရာရသူများကို သင့်တော်သည့် နေရာတွင် ထားပေးရန်အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံမှတဆင့် စာပေး၍ တောင်းဆိုထားသည်။

ထိုင်းရဲက ဆေးရုံသို့ လာရောက် ဖမ်းဆီးစဉ်က ဒဏ်ရာပြင်းထန်သူ နှစ်ဦးကို ချန်ထားခဲ့ကြောင်းနှင့် ယခုအခါ အသက် ၈ နှစ်အရွယ် အောင်ဘိုဘို တဦးသာ ဆက်လက်၍ ဆေးကုသခံယူနေကြောင်း သိရသည်။

သန်းထိုက်ဦး မဇ္ဈိမ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form