ငါတို့၏ ဦးခေါင်းသည် သွေးတို့ဖြင့် ချင်းချင်းနီ၏၊ သို့သော်ညွှတ်ကား မညွှတ်


၂၀၀၈ ခုနှစ် ဧရာဝတီမဂ္ဂဇင်းမှ ကြည်ဝေရေးသားသည့် Sundued but Unbowed ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ပခုက္ကူမှ ရဲရဲတောက်သံဃာများသည် စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တပ်ဦးက ဦးဆောင်ပါဝင်ခဲ့ကြပြီး ယခု အခါ အာဏာပိုင်များ၏ စဉ်ဆက်မပြတ် စောင့်ကြည့်မှုကို ခံနေကြရသည်။

ပခုက္ကူမြို့ အနောက်ဘက် အရပ်ရှိ နာမည်ကြီး “အနောက်တိုက်” (မန္တလေးတိုက်ကျောင်း) ၏ ရှေ့မျက်စောင်းထိုး လက် ဖက်ရည်ဆိုင်လေးထဲတွင် အင်္ကျီအဖြူ၊ ချည်ပုဆိုးကွက်ဝတ်ထားသည့် အသက် ၃၅ နှစ်အရွယ် အသားမည်းမည်း၊ ခပ် ပိန်ပိန် မျက်နှာရှည်ရှည်နှင့် အမျိုးသားတဦး ထိုင်စောင့်နေသည်။

လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပါအ၀င် ဆိုင်ထဲရှိ လူအတော်များများက သူ့ကို သတိပြုမိနေကြသည်။ သူက မန္တလေးတိုက် ထဲရှိ သံယာများ၏ အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်ရန် အတွက် တာဝန်ချထားသည့် လျှိုဝှက်ရဲတပ်ဖွဲ့ဝင်တဦး ဖြစ်ကြောင်း သိနေကြသည်။

စက်တင်ဘာလ သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများပြီးကတည်းက ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းကြီးများ၏ ရှေ့၊ ဘေး၊ အနီးအနား ၀န်းကျင်များတွင် အာဏာပိုင်များက စောင့်ကြည့်နေရန် အရပ်ဝတ်နှင့် ရဲအစောင့်များကို တာဝန်ပေးစေ လွှတ် ချထားခဲ့သည်ဟု ပခုက္ကူမြို့ခံများက ပြောပြကြသည်။ ဤဘုန်းတော်ကြီးကျောင်း အများစုမှာ အဆင့်မြင့် ဗုဒ္ဓဘာသာ စာပေများ သင်ကြားပို့ချနေကြသည့် စာသင်တိုက်များလည်း ဖြစ်ကြသည်။

“သူတို့က ပေါ်ပေါ်ထင်ထင် စောင့်တယ်လို့လည်း ပြောလို့မရဘူး၊ လာစစ်ဆေးတာလည်း မရှိဘူး။ ဒါပေမယ့် သူတို့ ကျောင်းတိုက်တွေကို စောင့်ကြည့်နေတယ် ဆိုတာတော့ ဘုန်းကြီးတွေလည်း သိတယ်၊ လူတိုင်းလည်းသိတယ်” ဟု ဒေသခံ တဦးက ပြောပြသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ သံဃာများသည် မြန်မာနိုင်ငံရှိ သံဃာများအနက် စိတ်ဓာတ်အခိုင်ကြည်ဆုံးနှင့် ကျမ်းဂန်စာပေ အတတ်မြောက်ဆုံး သံဃာများဖြစ်ကြပြီး ဒေသခံ ပြည်သူများ၏ ကြည်ညိုသဒ္ဓါပွား ထောက်ပံ့လှူဒါန်းမှုကိုလည်း ရရှိ ကြသည်။ ဤအကြောင်းကြောင့်လည်း စစ်အာဏာပိုင်များနှင့် ခရိုင်အာဏာပိုင်များက ဘုန်းတော်ကြီးကျောင်းများကို တင်းကျပ်စွာ စောင့်ကြပ်ချုပ်ချယ်ထားကြပြီး သံဃာများထံမှ နောက်နောင်တွင် လူထုဆန္ဒပြပွဲများ၌ ပါဝင်ခြင်းမရှိပါဟူ သည့် သဘောတူညီချက်ကို ရယူခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်း အများစုတွင် ယခင်စည်ကားခဲ့ ကြသည့် သံဃာအရေအတွက်၏ ထက်ဝက်အောက်သာ ရှိကြပါတော့သည်။

ပခုက္ကူမြို့က ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ မန္တလေးမြို့၏ အနောက်တောင်ဘက် ၇၅ မိုင်အကွာတွင် တည်ရှိနေပါ သည်။ ပခုက္ကူမြို့သည် မန္တလေးမြို့ ပြီးလျှင် စာသင်သား ရဟန်းပျို ဒုတိယ အများဆုံး သီတင်းသုံးနေထိုင်သည့် မြို့တမြို့ လည်း ဖြစ်သည်။ ပခုက္ကူမြို့မှာ ပုဂံမြို့နှင့် ခေတ်ပြိုင် တည်ရှိခဲ့ပြီး သမိုင်းဝင်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းအမွေအနှစ်များ ကြောင့်လည်း ထင်ရှားကျော်စောသည်။ ပုဂံ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် သီဟိုဠ်ရှင်ဘုရားနှင့် ရွှေဂူစေတီများလည်း ပခုက္ကူတွင် ရှိသည်။ မန္တလေးတိုက်ကျောင်းနှင့် မဟာဝိသုတာရာမကျောင်းတို့မှာလည်း ဗုဒ္ဓ ဘာသာ စာပေများ သင်ကြားပို့ချရာတွင် ကျော်စောသည့် အထင်ကရ ကျောင်းတိုက်များ ဖြစ်ကြသည်။

ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအနက် ကျောင်းတိုက်ကြီး ၄ ခုကို စစ်အာဏာပိုင်များက အဓိကထားပြီး စောင့်ကြည့် နေကြသည်ဟု ယူဆရသည်။ ၎င်းတို့မှာ အလက (၃) ကျောင်းအနီးရှိ အရှေ့တိုက်၊ နာရီစင်အလယ်တိုက်၊ အနောက်တိုက် (မန္တလေးတိုက်) နှင့် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်များ ဖြစ်သည်။

အဆိုပါ ကျောင်းတိုက်များမှ သံယာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြပွဲများတွင် ဦး ဆောင် ပါဝင်ခဲ့ကြပြီး အခြားသံဃာများ ပါဝင်လာစေရန်လည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကို စတင် စည်းရုံးလှုံ့ဆော်ခဲ့ကြသူ များ ဖြစ်သည်။

ထိုအချိန်မှစ၍ စစ်အာဏာပိုင်များက အဆိုပါကျောင်းတိုက်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် အချို့တို့၏ နေအိမ်အနီး ပတ်ဝန်းကျင်များတွင် စောင့်ကြည့်နေရန် ရဲများ၊ ရဲသတင်းပေးများနှင့် စစ်အစိုးရ လိုလားသူ ကြံ့ဖွံ့အဖွဲ့ဝင်များကို တာဝန်ပေး ခဲ့ပါသည်။

ထိုသူများက သံဃာများသာမက ကျောင်းတိုက်သို့လာသည့် ထူးခြားမှုရှိသော ဧည့်သည်များကိုပါ နောက်ယောင်ခံ စောင့် ကြည့်ခဲ့ကြသည်ဟု ဒေသခံများက ပြောပြသည်။

“ကျောင်းတိုက်ထဲကို ဧည့်သည် ၀င်သွားတာ တွေ့ရင်လည်း သူတို့က မှတ်ထားပြီး အဲဒီ ဧည့်သည်အပြန်မှာ နောက်က လူတယောက် ထည့်ပေးလိုက်တယ်၊ တခါတလေ နိုင်ငံခြားသား ဧည့်သည်တွေလာတယ် ဆိုရင်လည်း တည်းတဲ့ နေရာထိ ချက်ခြင်းလိုက်ကြတာပဲ” ဟု ပခုက္ကူမြို့ခံတဦးက ပြောသည်။

ထို့ပြင် ကျောင်းတိုက်များတွင်သံဃာတော်များ ဖုန်းပြောသည်ကိုလည်း အိတ်ချိန်းရုံးမှတဆင့် ခိုးယူနားထောင်၍ အသံဖမ်း ထားကြသည်ဟု သိရသည်။ “ တယ်လီဖုန်းတွေကိုလည်း ဘာပြောပြော အိတ်ချိန်းရုံးမှာ အသံဖမ်းပြီး ခိုးနားထောင်ကြတယ်။ အရေးအခင်း ပြီးကတည်းက ဖုန်းထဲကနေ ဘာမှ ထူးထူးခြားခြားမပြောရဲကြတော့ဘူး” ဟု မန္တလေးတိုက်မှ သံယာတပါးက မိန့်ကြားသည်။

ပခုက္ကူမြို့ခံတဦး ဖြစ်သူ ဦးပိုက်ကို၏ ဖုန်းကိုလည်း ပြည်ပရှိ မီဒီယာများနှင့် အင်တာဗျူး ဖြေကြားပြီးနောက် အောက်တိုဘာ လ ကတည်းက စတင်ဖြတ်တောက်ထားခဲ့သည်။ ဦးပိုက်ကိုက မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ စစ်အာဏာပိုင်များက ဖမ်းဆီး ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသေးသည်။ သူက ယခုတိုင် ဆက်လက် စောင့်ကြည့်ခံနေရသူ တဦးဖြစ်သည်ဟု ဒေသခံ တဦးက ပြောပြသည်။

စစ်အာဏာပိုင်များ၏ တင်းကျပ်စွာ စောင့်ကြည့်ခံနေရသည့် ကြားမှပင် အောက်တိုဘာ ၃၁ ရက်နေ့တွင် ပခုက္ကူမှ သံယာတော် အပါး ၁၅၀ ခန့် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသေးသည်။ ဗောဓိမဏ္ဍိုင်ကျောင်းရှေ့မှ စထွက်ပြီး မြို့ကိုပတ်၍ မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်ခဲ့ကြသေးသည်။

ဤလမ်းလျှောက်ချီတက်ပွဲက အစိုးရအာဏာပိုင်များကို ပြောင်ပြောင်တင်းတင်း ဖီဆန်ပြလိုက်ခြင်းပင် ဖြစ်သည်။ ပခုက္ကူမြို့ တွင် ခရိုင်အာဏာပိုင်များနှင့် သံဃာများအကြား မည်သို့သော အကြောင်းပြချက်ဖြင့် ဖြစ်စေ လူထုဆန္ဒဖော်ထုတ်ပွဲများ မလုပ်ပါ၊ ထိန်းသိမ်းကြပါမည် ဟူသည့် အပြန်အလှန်သဘောတူညီချက်များ ရှိထားရာမှ အာဏာပိုင်များက ချိုးဖောက်ခဲ့၍ သံဃာများကလည်း နောက်တကြိမ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များက အတင်းအကျပ် အင်အားသုံးလူစု ကာ အစိုးရကို ထောက်ခံသည့် လူထုစုဝေးပွဲများ စီစဉ်ခဲ့ကြသည်ဟု သံဃာတပါးက ပြောပြသည်။ ထို့ပြင် စက်တင်ဘာလ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် သံယာများအပေါ် အစိုးရသတင်းဌာနများက အတုအယောင်ဟု စွပ်စွဲ ပြောဆိုနေမှုများကိုလည်း သံဃာများက မကျေနပ်ကြဟု ဆိုသည်။ ဤသို့ဖြင့် သံဃာများက နောက်တကြိမ်လမ်းပေါ် ထွက် လမ်းလျှောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြန်ထွက်ခဲ့ကြခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူ သံဃာတပါးက ပြောပြသည်။

အောက်တိုဘာ ၃၁ ရက်နေ့ ချီတက်ပွဲ နောက်ပိုင်းတွင် ၀ါရင့်ဆရာတော်ကြီးများနှင့် အာဏာပိုင်များအကြား အပေးအယူပြု လက်မှတ်ထိုးကြရသည်။ လမ်းလျှောက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည့် သံဃာများကို မဖမ်းဆီးရန်နှင့် အပြန်အလှန်အား ဖြင့် ပခုက္ကူတွင် နောက်ထပ်ဆန္ဒပြပွဲများ မပြုတော့ပါဟု သဘောတူခဲ့ကြရသည်။ ၎င်းသဘောတူညီချက်ကို ဒေသခံတပ်မှူး ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးရုံးတွင် နိုဝင်ဘာ ၅ ရက်နေ့၌ လက်မှတ်ရေးထိုး သဘောတူ ညီခဲ့ကြခြင်းဖြစ်သည်။

“ဦးပဉ္စင်းတို့ နောက်တကြိမ် ပခုက္ကူကနေ စဖြစ်တယ်ဆိုရင် စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ၀င်စီးပြီးအုပ်ချုပ်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ပါတဲ့ ကိုယ်တော်တွေ အားလုံးကိုလည်း ဖမ်းချုပ် အရေးယူမယ်ပေါ့။ အဲဒါနဲ့ နောက်တကြိမ် ပခုက္ကူက စဖြစ်တယ်ဆိုတာ မဖြစ်စေရဘူးဆိုပြီး လက်မှတ်ထိုးပေးခဲ့ရတယ်” ဟုဤဆွေးနွေးပွဲအကြောင်း သိထားသည့် သံယာ တပါးက မိန့်ကြားသည်။

သို့သော်လည်း ပခုက္ကူမြို့ရှိ သံယာများက ပတ္တနိက္ကုဇ္ဇနကံကို ဆက်လက်ဆောင်ထားကြဆဲဖြစ်သည်။ စစ်တပ်နှင့် ၎င်းတို့၏ ထောက်ခံသူများထံမှ ဆွမ်းနှင့် လှူဖွယ်များကို ငြင်းပယ်နေကြဆဲ ဖြစ်သည်။ ပခုက္ကူမြို့ရှိ သာသနာ့ ဗိမာန် အဆောက်အဦ တွင်လည်း မကြာခဏပင် စာကပ်ခြင်း၊ သာသနာ့အလံထူခြင်း စသဖြင့် အငယ်စား ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်နေ ကြဆဲ ဖြစ်သည်။

သံဃာများ၏ မကျေနပ်မှုက ကြီးထွားနေဆဲပင် ဖြစ်ရာ ဒီဇင်ဘာ ၁ ရက်နေ့တွင် တိုင်းသာသနာရေး ဦးစီးဋ္ဌာနမှ တာဝန် ရှိသူများ အပါအ၀င် ခရိုင်ဦးစီးမှူးတို့ လာရောက်၍ စာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းနှင့် စားဆီများကို ကျေအေးသည့်အ နေနှင့် လာရောက် လောင်းလှူရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ သံဃာများက အလှူပစ္စည်းများကို ငြင်း ပယ်ခဲ့ကြပြီး ပစ္စည်းများကို လမ်းမများပေါ်သို့ ပစ်ထားခဲ့ကြသည်။ ထိုမျှမက ကိုယ်ခံအားကျရောဂါ ဝေဒနာရှင်များကို စောင့်ရှောက်ပေးနေသည့် ရန်ကုန်ရှိ မဂ္ဂင်ကျောင်းတိုက်ကို ပိတ်လိုက်ခြင်းအပေါ်တွင်လည်း မကျေမချမ်း ဒေါသထွက်နေ ကြသည်။

“ဘုန်းဘုန်းတွေက အာဂတွေပဲ။ ခုချိန်ထိ ကံဆောင်နေ ကြတုန်းပဲလေ။ အစိုးရလှူတာကို လုံးဝလက်မခံဘူး။ ခရိုင်မှူး လာလှူတဲ့ ဆန်ဆီတွေ အားလုံးကို လွှင့်ပစ်ကြတာ၊ မြို့ကလူ တွေကလည်း သွားမကောက်ကြပါဘူး။ ဘယ်လောက် ငတ်ငတ် မကောက်ဘဲ နေကြတာ။ အချိန်တော်တော်ကြာတဲ့ အထိ မကောက်ဘဲ ဒီအတိုင်း ထားကြတာဆိုတော့ စည်ပင် သာယာက လူတွေနဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေ လာသိမ်းသွားတယ်” ဟု ဘုန်းတော်ကြီးကျောင်းအနီးနေထိုင်သူ တဦးက ပြောပြသည်။

စစ်အာဏာပိုင်များက နောက်ထပ်ကြိုးပမ်းမှုအဖြစ် သံဃာများ၏ ခရီးသွားလာရေးကိုလည်း တင်းကျပ်ကန့်သတ်ထားခဲ့ သည်။ ခရီးသွားလိုသည့် သံယာများ အနေဖြင့် ခရိုင်အာဏာပိုင် (ခယက) ရုံးသို့ စာတင်ရပြီး ခရိုင်မှူး၏ ခွင့်ပြုမိန့်ပါမှသာ ခရီးသွားခွင့်ရှိသည်။

စစ်တပ် အာဏာပိုင်များက စာသင်တိုက်များ၏ စာသင်စာချ လုပ်ငန်းများကို ရပ်ဆိုင်းထားရန် စက်တင်ဘာလ ကတည်းက ပိတ်ပင်တားမြစ်ထားခဲ့သည်မှာလည်း သံဃာများအတွက် အထိနာသော အချက်တခုဖြစ်သည်။ ဤသို့ဖြင့် သံယာများ လည်း နေရပ်ရင်းသို့ ပြန်ကြရသည်။ အများစုမှာ ပြန်မလာနိုင်ကြတော့ပေ။

“ ဦးပဉ္စင်းတို့တိုက်မှာ မနှစ်က သံဃာအပါး ၇၄၀ ကျော် ၀ါဆိုတယ်။ ကိုယ်တော်အတော်များများ ပြန်ကြတော့ ခုဆို ကျောင်းမှာ အပါး ၂၂၀ ကျော်ပဲ ကျန်တော့တယ်” ဟုအလယ်တိုက်မှ စာချကိုယ်တော်တပါးက မိန့်ကြားသည်။

ပခုက္ကူရှိ သံဃာအများစုက ပဲခူး၊ ကြခတ်ဝိုင်း ဆရာတော်၏ သြဇာ အာဏာစက်ကိုတော့ လုံးဝငြင်းဆန်ကြသည်။ ၎င်း ဆရာတော်က သံဃာများဆန္ဒပြပွဲကို ပြစ်တင်ရှုံ့ချခဲ့ပြီး ဆန္ဒပြသံဃာများကို ဖြိုခွဲချေမှုန်းရန် အာဏာပိုင်များကို ဘက်လိုက် တိုက်တွန်း ဟောကြားခဲ့သည့် ဆရာတော်လည်း ဖြစ်သည်။ ပခုက္ကူရှိ သံဃာတော်များက ၎င်းဆရာတော်ကို ကြီးလေး သည့် ဘာသာရေးဆိုင်ရာ ပြစ်မှု “တတိယ ပါရာဇိကပုဒ်” သင့်သွားပြီဟု ဆိုကြသည်။ “တတိယ ပါရာဇိကပုဒ်” ဆိုသည်မှာ ရဟန်း ထုက ငြင်းပယ်လိုက်ခြင်း ဖြစ်ပြီး ရဟန်းအဖြစ်မှ ဆုံးရှုံးပြီ၊ ရဟန်းအဖြစ် မသတ်မှတ်တော့ဟု ဆိုခြင်း ဖြစ်သည်။

ပခုက္ကူမြို့မှ ဦးဆောင်သံဃာတပါးက ဧရာဝတီမဂ္ဂဇင်းမှတဆင့် တခြားမြို့နယ် အသီးသီးရှိ သံဃာထုအနေဖြင့်လည်း ကံဆက်လက် ဆောင်ထားနိုင်အောင် အားတင်းနေထိုင်ကြဖို့ တိုက်တွန်းသည်ဟု မိန့်မှာခဲ့သည်။

“အတတ်နိုင်ဆုံး ဦးပဉ္စင်းတို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ ကံလည်း ဆက် လက် ဆောင်နေဆဲပါပဲ” ဟု ဆက်လက် မိန့်ကြား တိုက်တွန်းခဲ့သည်။

ကြည်ဝေ/ပခုက္ကူ ဖော်ဖော်ဝါရီ ၁၊ ၂၀၀၈
ဧရာဝတီမဂ္ဂဇင်း မှ တဆင့် ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form