အထိန်းသိမ်းခံ၊ ပျံလွန်နှင့် ပျောက်ဆုံးသံဃာစာရင်း သံဃာ့တပ်ပေါင်းစုက ထုတ်ပြန်

အဖမ်းဆီးခံ သံဃာနှင့် သီလရှင်များ၊ ပျံလွန် ပျောက်ဆုံးများ၊ ပြည်ပရောက် သံဃာများ၊ ပရိယတ္တိသာသနာ့ တက္ကသိုလ်မှ ထုတ်ပယ်ခံရသည့် သံဃာများ၊ ရှာဖွေ ဖျက်ဆီးခံရသည့် ကျောင်းတိုက်များနှင့် ချိပ်ပိတ်ခံရသည့် ကျောင်းတိုက်များ စာရင်း ကို ရွှေဝါရောင်တော်လှန်ရေး ၄ လပြည့်နေ့ (ဇန်နဝါရီ ၂၆) တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန် လိုက်သည်။

အဆိုပါစာရင်းတွင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ စစ်တွေ၊ ပုသိမ်၊ ပြည်နှင့် တွံတေးမြို့များမှ အဖမ်းဆီးခံထားရသည့် သံဃာ ၅၄ ပါးနှင့် သီလရှင် ၇ ပါးတို့၏ ဘွဲ့အမည်၊ သီတင်းသုံးရာ ကျောင်းတိုက်အမည်နှင့် ထိန်းသိမ်းထားသည့် ထောင် စသည် တို့ကို ဖော်ပြထားသည်။

အဖမ်းခံရသည့် သံဃာတော်များစာရင်းတွင် သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ဆရာတော်များဖြစ်ကြသည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့တောရကျောင်းတိုက်ရှိ ဦးဂမ္ဘီရနှင့် မန္တလေးမြို့ စံပယ်ရုံကျောင်း၊ တောင်ခွင်မင်းကြီးတိုက်ရှိ ဦးကေသရ (ခေါ်) ဦးကေလာသ တို့လည်း ပါဝင်သည်။

ရွှေဝါရောင်တော်လှန်ရေးတွင် ပျံလွန်တော်မူသည့် သံဃာ ၃ ပါးနှင့် ပျောက်ဆုံးနေသည့် သံဃာ ၉ ပါးရှိ ကြောင်းလည်း ၎င်းစာရင်းက ဆိုသည်။ သံဃာ့တပ်ပေါင်းစုက ထုတ်ပြန်သည့်စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းမဟုတ်ကြောင်းနှင့် ၎င်းတို့ သိရှိရသမျှကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

လုံခြုံရေးအခက်အခဲကြောင့် ပြည်ပသို့ ရှောင်တိမ်းလာကြသည့် သံဃာ ၁၅ ပါးရှိပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ၁၂ ပါး၊ ဘင်္ဂလားဒေရှ်နိုင်ငံတွင် ၃ ပါး သီတင်းသုံးလျက်ရှိကြောင်းလည်း အဆိုပါစာရင်းက ဆိုသည်။

အထက်ပါစာရင်း၌ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သောကြောင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှိ သံဃာတော် ၁၀ ပါး ကျောင်းထုတ်ခံရပြီး ၎င်းတို့အနက် ၂ ပါးသည် အဆောင်မှူးများ ဖြစ်ကြသည်။

ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် မောင်တောမြို့များရှိ ဘုန်တော်ကြီးကျောင်း ၅၇ ကျောင်းကို စစ်အစိုးရ ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ ဖျက်ဆီးကာ ၎င်းကျောင်းတိုက်များမှ အာဏာပိုင်တို့သိမ်းယူသွားသည့် ရွှေ၊ ငွေ၊ အဘိုးတန်ပစ္စည်းစာရင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ချိပ်ပိတ်ကာ ပစ္စည်းများအသိမ်းခံရသည့် ကျောင်းတိုက် ၂ တိုက်ရှိပြီး ၎င်းတို့မှာ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် ကျောင်းတိုက်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပဲခူးကျောင်းတိုက်တို့ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုစာရင်းက ဆိုသည်။

ဧရာဝတီ သတင်းဋ္ဌာန မှ ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form