အခွန်ငွေ တိုးမြှင့်ကောက်ခံဦးမည်

စစ်အစိုးရသည် ယခင်ဘဏ္ဍာရေးနှစ် (၂၀၀၆-၂၀၀၇) နေပြည်တော် တည်ဆောက်ရေးစီမံကိန်းတွင် နိုင်ငံတော် ငွေကြေး အလွန်အကျွံ သုံးစွဲခဲ့သောကြောင့် ၂၀၀၇-၂၀၀၈အတွက် ဘတ်ဂျက်လိုငွေပြလျက်ရှိရာ ပြည်တွင်းမှ လုပ်ငန်းခွန်၊ ၀င်ငွေခွန် များကို တဆခွဲခန့်တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း အခွန်နှင့်ဘဏ္ဍာရေး ၀န်ကြီးဋ္ဌာန အရာရှိတဦးထံမှ ကြားသိ ရသည်။

“အခွန်ကတော့ အားလုံးပေးကြရမှာပဲ၊ ဘယ်သူမှ ရှောင်လို့ရမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆို တော့ အစိုးရမှာ ဘတ်ဂျက် လိုငွေပြနေတာကြာပြီ၊ ဒီနှစ်တော့ အခွန်ငွေကို တိုးလိုက်တဲ့အပြင် လူတိုင်းနီးပါးလည်း ၀င်ငွေခွန် ဆောင်ရမယ့် သဘော ဖြစ်နေတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်ကို ၀င်ငွေနှင့် အသုံးစရိတ်ညီမျှသောနှစ်ဖြစ်ရန် ရည်မှန်းထားကြောင်းကို ဇန်န၀ါရီ ၁၂ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ ၁၄ ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက “ပြီးခဲ့တဲ့ နှစ်တွေက ဘဏ္ဍာငွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အခြေခံစီးပွားတည် ဆောက်မှု ကဏ္ဍတွေမှာ သုံးစွဲလိုက်ရလို့ ဘတ်ဂျက် လိုငွေပြခဲ့တယ်၊ လျှပ်စစ်ဓာတ်အားဘက်မှာ ဆိုရင်လည်း ရေအားလျှပ် စစ် ၁၅ ခုကို တပြိုင်တည်းတည်ဆောက် ရသလို၊ တခြားကဏ္ဍတွေမှာလည်း အားသွန်ကြိုးပမ်း ခဲ့ရတယ်၊ လာမယ့် နှစ်ကိုတော့ ၀င်ငွေနဲ့ အသုံးစရိတ်ညီမျှတဲ့နှစ် အဖြစ် ရည်မှန်းထားတယ်” ဟု ပြောသည်။

ဇန်န၀ါရီ တတိယပတ်မှ စတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ တချို့လုပ်ငန်းများတွင် အခွန်ငွေများပေးဆောင်ရန် တရားဝင် စာထုတ်ခဲ့သည်ဟု လုပ်ငန်းရှင်များထံမှ ကြားသိရသည်။

“ကျနော်တို့ စီးတီးတက္ကစီတွေအတွက် နှစ်စဉ်ကုန်သွယ်ခွန်နဲ့ ၀င်ငွေခွန်ဆိုပြီး နှစ်မျိုးပေးရတယ်။ ၂၀၀၆-၂၀၀၇ အတွက် ကျပ်၁သိန်း၈သောင်းပေးရတယ်။ ၂၀၀၇-၂၀၀၈ အတွက်ကျတော့ ၂ သိန်း ၄သောင်းထိ တက်သွား တယ်။ ၂၀၀၈-၂၀၀၉ ကျတော့ ၄ သိန်းထိ တိုးမြှင့်လိုက်တယ်တဲ့ဗျာ” ဟု ရန်ကုန်ရှိ အငှားယာဉ်ပိုင်ရှင် တဦးကဆို သည်။

စက်မှုဇုန်များတွင်ရှိသော ကားပြင်ဆင်ထုတ်လုပ်ရေးလုပ်ငန်းရှင်များကိုလည်း သက်ဆိုင်ရာက ဇန်န၀ါရီ ၂၁ ရက်နေ့ နံနက်တွင်ခေါ်ယူကာ ကုန်ခဲ့သော ၂၀၀၆-၂၀၀၇ အတွက် အခွန်ငွေကျပ် ၄သိန်း၇သောင်းပေးဆောင် ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း အခွန်ဆောင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ရသူ လုပ်ငန်းရှင်တဦးကပြောပြသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့အပါအ၀င် တခြားပြည်နယ်နှင့်တိုင်းများရှိ ကျေးရွာများအထိဆင်းပြီး လူနေ အိမ်တချို့တွင်ရှိသောရုပ်မြင်သံကြားစက်များအတွက် အခွန်ငွေဆောင်ရမည်ဟု ဆိုကာ စာရင်းများ ကောက်လျက်ရှိကြောင်း သိရသည်။

“အိမ်မှာ တီဗီရှိလားလို့ မေးပြီး စာရင်းလာကောက်တယ်။ အခွန်ဆောင်ရမယ်လို့လည်းပြောတယ်၊ ဘယ်လောက် ဖြစ်မလဲ ဆိုတာ မေးကြည့်တော့ လာပြောမယ်လို့ ပြောပြီး ပြန်သွားကြတယ်” ဟု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်အတွင်း နေထိုင်သူ တဦးကပြောပြသည်။

“အစိုးရက သူတို့ဟာ သူတို့လုပ်ချင်တာလုပ်ပြီး၊ ငွေလိုတော့ လူတွေဆီကနေ မရအရတောင်းတယ်၊ အဲဒီငွေ တွေနဲ့ပြည်သူ အတွက် ပြန်သုံးလို့ပေးရတယ်ဆိုရင်ကျေနပ်သေးတယ်။ ခုလို နေပြည်တော်အတွက် ကုန်ကျလို့၊ မီးမထွက်တဲ့ ရေအား လျှပ်စစ် အတွက် ကုန်ကျလို့ဆိုပြီးပေးနေရတာကျေကိုမကျေနပ်ဘူး” ဟု ရန်ကုန်မြို့ လှိုင် သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တဦးက ဆိုသည်။

ထို့ပြင် အစိုးရသည် ၀င်ငွေခွန်၊ လုပ်ငန်းခွန်များဆောင်ခိုင်းခြင်းသာမက သက်ဆိုင်ရာ လုပ်ငန်းအသီးသီးတွင် တရားဝင် လိုင်စင်ပြုလုပ်ခိုင်းခြင်းများကိုပါ ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ တီဗီနဲ့ဗီစီဒီထားတဲ့ လက်ဖက်ရည်ဆိုင်တွေကိုလည်း ဗီဒီယိုပြသခွင့်လိုင်စင်လုပ်မှ ဆိုင်မှာ ပြသခွင့်ပြုမယ်တဲ့။ ပြီးတော့ အဲဒီစက်တွေအတွက် အခွန်ဆောင်ရမယ်လို့ ရယကတွေ၊ ကြံ့ဖွံ့တွေ၊ ရဲတွေ ၁၂ ယောက်လောက်က ဆိုင်ကို လာပြောကြ တယ်၊ ကျနော်လည်း အဲဒါ စိတ်ညစ်နေတာ ဆိုင်ဝင်ငွေခွန်၊ စက်ပစ္စည်းခွန်နဲ့ လိုင်စင်ကြေး ပါဆိုရင် နည်းမှာမဟုတ်ဘူး”ဟု ကျောက်တံတား မြို့နယ်တွင်းရှိ လက်ဖက်ရည်ဆိုင်ရှင်တဦးကပြောပြသည်။

ဆိုင်များတွင် စက်ထားရှိလိုပါက ဗီဒီယိုပြသခွင့်လိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးလက်အောက်ရှိ ဗီဒီယို စည်းကြပ်ရေးကော်မတီတွင် လာရောက်ပြုလုပ်ကြရမည်ဖြစ်ကာ လိုင်စင်ကြေးမှာကျပ်၂သောင်း၈ထောင် ပေးသွင်းရမည် ဖြစ်ကြောင်း ဗီဒီယိုစည်းကြပ်ရေးကော်မတီ အဖွဲ့ဝင်တဦးထံမှ သိရသည်။

ဧရာဝတီ သတင်းဋ္ဌာန မှ ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form