မဟာသန္တိသုခကျောင်း အင်အားသုံး ဖယ်ရှားမှု ၈၈ မျိုးဆက် အဖွဲ့ ကန့်ကွက်

သာသနာရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ “မဟာသန္တိသုခကျောင်းတော်ကြီး””ကို အင်အားသုံး ၀င်ရောက်စီးနင်း သိမ်းပိုက်ကာ ကျောင်းရှိသံဃာတော်တွေကို အလိုမတူဘဲ အတင်းအကျပ် ခေါ်ဆောင်သွားပြီး ကျောင်းကို ချိပ်ပိတ်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

“ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံ တစ်ခုတွင် လွန်စွာ အကျည်းတန်ရုပ်ဆိုး လှသည်။ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာန နာယက ဆရာတော်ဘုရားကြီး ပြည်ပ သာသနာပြု ခရီးကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားသည် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အနေဖြင့် လည်းကောင်း၊ သာသနာဝန်ကြီးဌာန အနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံး ဖယ်ရှားခဲ့ခြင်း အပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေးအနက်ကန့်ကွက်လိုက်သည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်အတွက် နိုင်ငံတော်သံဃမဟာနာယက နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့မှာ တာဝန်ရှိသလို ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ဆန့်ကျင်မှုတွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ ဘာသာရေးကိစ္စဟာ အလွန်သိမ်မွေ့တဲ့အတွက် တက်နိုင်သမျှ အညင်သာဆုံးနဲ့ တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ကြေညာချက်က ဆိုပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form