လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ အချို့ရှိကြောင်း သိရ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ သပိတ် စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီ အချိန်မှ စတင်၍ လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာ ရရှိသူ အချို့ရှိကြောင်း ကြေးနီ စီမံကိန်း ဧရိယာတွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။ အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာ အတွင်းရှိ စုဝေးနေသည့် သပိတ် စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှား ပေးခဲ့ရကြောင်း သိရသည်။ ပြည်ထဲရေး ၀န်ကြီးဌာနမှ သပိတ် စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီ နောက်ဆုံး ထားပြီး ရုပ်သိမ်းရန် ကြေညာ ထားသော်လည်း နိုဝင်ဘာ လ ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီတွင် လူစု မခွဲပါက ရဲလုပ်ထုံး လုပ်နည်း ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေးနီ စီမံကိန်း ဧရိယာ၌ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ကြေငြာခဲ့ကြောင်း သိရသည်။ ယင်းသို့ ကြေငြာမှုအား နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ် တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံ ကြေငြာ ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။


နောက်ဆုံးရသတင်းများ

Update : 3:00 AM 

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွင်း၌ ဖွင့်လှစ် ထားသော သပိတ် စခန်း ခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီ အထိ ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရှိ ရပါသည်။ စုဝေး နေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီ အချိန်တွင် လူစု မခွဲပါက ရဲလုပ်ထုံး လုပ်နည်း ဥပဒေ များနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှ ကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
Update 3:15 AM လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ 

Update 3:50 AM 

ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။  

Update 4:09 AM 

လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။  

Update 4:30 AM 

လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Update 5:30 AM 

သတင်း မီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ် များအား မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင် ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံး များဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာ ဘုန်တော်ကြီး ကျောင်းမှ ဒဏ်ရာ အပြင်းအထန် ရရှိသူ သံဃာ ၆ ပါးနှင့် လူတစ်ဦး ရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိ နေသောအဖွဲ့များ ဖောင်းကား ဘုန်းတော်ကြီး ကျောင်းတွင် ပြန်လည် စုစည်း မိကြပြီ ဖြစ်ကြောင်းလည်း သိရသည်။ လယ်တီ ဆရာတော် ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ် မရသေးကြောင်း၊ တောင်ကြားနှင့် ဆည်တည်း စခန်းမှ သပိတ် အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး ပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။  

Update 5:30 AM 

သတင်း မီဒီယာများ၏ ကားနှင့် အများ ပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင် ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယို ဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန် ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာ အပြင်းအထန် ရရှိသူ သံဃာ ၆ ပါးနှင့် လူတစ်ဦး ရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသော အဖွဲ့များ ဖောင်းကား ဘုန်းတော်ကြီး ကျောင်းတွင် ပြန်လည် စုစည်း မိကြပြီ ဖြစ်ကြောင်းလည်း သိရသည်။ လယ်တီ ဆရာတော် ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ် မရသေးကြောင်း၊ တောင်ကြားနှင့် ဆည်တည်း စခန်းမှ သပိတ် အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး ပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။

Update 5:50 AM 

ကြေးနီ စီမံကိန်း ဧရိယာ အတွင်းရှိ သပိတ်စခန်း ၆ ခု အနက်မှ ၃ခုမှာ မီးရှို့ ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများအား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊ လယ်တီ ဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင် ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။  

Update 8:00 AM 

ဖြစ်စဉ်ကြောင့် ဒဏ်ရာ ရသူများတွင် သံဃာတော် အများအပြား ပါဝင်ပြီး အချို့မှာ မုံရွာ ဆေးရုံသို့ ပို့ဆောင် ကုသနေပြီး ဒဏ်ရာ ပြင်းထန်သည့် သံဃာတော် တစ်ပါးအား မန္တလေး ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။ ထို့အပြင် သပိတ် စခန်းများမှ လူစုကွဲလာသော ထိခိုက် ဒဏ်ရာရသူ အချို့အား နီးစပ်ရာ နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း အချို့မှ ကူညီပေးလျက် ရှိကြောင်း သိရသည်။
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ် UPDATED 8:10 AM သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွင်းသည့် ဖြစ်စဉ်ကြောင့် မုံရွာဆေးရုံတွင် လူ ၅၀ ခန့် ကုသမှုခံယူနေကြောင်းသိရပြီး အများစုမှာ မီလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ၀မ်ပေါင်ကုမ္ပဏီ ပြင်ပဂိတ်ရှေ့ရှိ သံဃာတော် (၃)ပါး၊ ကျော်ရွာဂိတ်မှ (၂)ပါး၊ တောင်ကြားအလယ်ဂိတ်မှ (၅)ပါး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိမ်းသိမ်းထားကြောင်း သိရသည်။  

UPDATED 9:30 AM  

မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေမှုများ

UPDATED 10:00 AM 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိ သူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီးပြီမလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။ 

UPDATED 10:20 AM 

ထို့အတူ ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင် အင်အား မည်မျှဖြင့် မည်သည့် လက်နက်များ အသုံးပြု နှိမ်နှင်းခဲ့သည်ကို ဆက်သွယ် မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။ source by : EMG

4 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form