လွတ်ငြိမ်းခွင့်ရပြီး ရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကွယ်လွန်

ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူဟာ ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့  မနေ့က နေလယ် ၁၂ နာရီမှာ ကွယ်လွန် သွားပါတယ်။


ကိုသက်နွယ်ဟာ ထောင်ကလွတ်ပြီး ၉ ရက်အကြာမှာပဲ ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန် သွားတယ်လို့ အစ်မဖြစ်သူ ဒေါ်မာလာနွယ်က ပြောပါတယ်။


“သူက ထောက်လှမ်းရေး ၂၆ ဗိုလ်ခင်ညွန့်တပ်က ဖမ်းတာပါ။ စဖမ်းကတည်းကိုက သူ့ကို တအား နှိပ်စက်ပါတယ်။ ရှေ့သွားတွေဆို အပေါ်သွားရော အောက်သွားရော လုံးဝ မရှိတော့အောင်ကို ဗိုလ်ခင်ညွန့်တပ်က ရိုက်ချိုးထားပါတယ်။ သူ့ကို နည်းမျိုးစုံနဲ့ စစ်တဲ့အတွက်ကြောင့် သူရဲ့ အာရုံကြောတွေက အကုန်လုံး ချွတ်ယွင်းနေတယ်။”


၂၀၀၂ ခုနှစ်မှာ ကိုသက်နွယ်ကို လက်နက်အမှုတွေနဲ့ စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရေးပေါ်ဥ​ပ​ဒေ​၊​​ ​နယ်​စပ်​ဖြတ်​ကျော်ဥ​ပ​ဒေ​နဲ့​​ ​မ​တ​ရား​အ​သင်း​နှင့်​​ ​ဆက်​သွယ်​မှု ​စ​တာ​တွေနဲ့​ စွဲဆိုခဲ့ပြီး ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တာပါ။ အဲဒီနောက် ၁၀ နှစ် အကျဉ်းကျခံခဲ့ပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပါတယ်။


ကိုသက်နွယ်ဟာ အသည်းရောဂါကို ခံစားနေရတာဖြစ်ပြီး လွတ်လာတာနဲ့ ဆေးရုံမှာ ကုသခံခဲ့ရပေမယ့် မသက်သာဘဲ ကွယ်လွန်သွားတာပါ။


စစ်ကြောရေးကာလမှာ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် အာရုံကြောများ ထိခိုက်သွားတဲ့ အတွက်လည်း အင်းစိန်ထောင်မှ စိတ်ရောဂါ အထူးကုဆေးရုံကြီးကို ၂ ကြိမ် တက်ရောက် ခဲ့ရတယ်လို့ ဒေါ်မာလာနွယ်က ပြောပါတယ်။


ဒီဇင်ဘာလက ကိုသက်နွယ်ရဲ့ ဆိုးဝါးလာတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။


ကိုသက်နွယ် အခုလို သေဆုံးခဲ့တဲ့အပေါ် ဒေါ်မာလာနွယ်က “ကျမမောင်လေးလို မတရားပုဒ်မတွေ တပ်ပြီးတော့ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းပြီးတော့ ဒဏ်ခံနေရသလိုမျိုး နောက်လူတွေကို ဆက်ပြီးတော့ မလုပ်ပါနဲ့တော့လို့ ကျမအစိုးရကို တောင်းဆိုချင်ပါတယ်။”


ကိုသက်နွယ်ရဲ့ ဈာပနကို တနင်္ဂနွေနေ့ညနေမှာ ရေဝေး သုသာန်ကို ပို့ဆောင်ပြီး အင်္ဂါနေ့မှာ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။


နိုဝင်ဘာလကလည်း အစိုးရ လွတ်ငြိမ်းခွင်နဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်လင်းထွန်း ဟာ ထောင်က လွတ်ပြီးရက်ပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။


source by : http://burmese.dvb.no

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form