ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဦးပညာဇောတ | ရဟန်း သံဃာတော် များသည် ဘုရားရှင် လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ် တိုင်အောင်ပင် ဖြစ် ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက် နေသင့်နေကြရမှာ ဖြစ်ပါတယ်။ တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါး အထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟု ဆိုလိုက်လျှင်ပင် အဖွဲ့အစည်း တခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့သဘောပါ။

ဗုဒ္ဓက သူ့သာသနာတော်သို့ ဝင်ရောက်လာသူမှန်သမျှကို ဝိနည်း သိက္ခာပုဒ် အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်း ချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန်သေးသမျှ ရဟန်းအဖြစ်ကရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လည်းမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲချွတ်ရင်တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂသိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ညီမှ သင်္ကန်းဝတ်တာ၊ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ဝိနည်းကိုနားမလည်တဲ့ လူ့အန္ဓ များကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။

မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ အာဏာရှင်ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ်ဆိုပေမယ့် ဒီမဟနအဖွဲ့ကို လွယ်လွယ်နဲ့ဖွဲ့နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့နောက်ကွယ်မှာ သံဃာ့ အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံးပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေဝင်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီး များက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက်မယ့် အထဲမှာ ငါတို့ကိုဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေများလာ သည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ဝိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်” လို့ ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါ သည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာ ဝါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကို ဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကို ကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်းနိုင် အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း၊ ကား၊ ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလည်း အပြည်အဝ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကိုလုပ်နေသည့်အပြင် လာဘ်ထိုးပြီးနေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။

မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟနဆရာတော်အချို့ကိုအသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြိုကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလအစိုးရကို အပြစ်မမြင်တော့ဘဲ မဟနကိုသာ အမြင်မကြည်မလင် ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့်မပေးဘဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်းတိုက်ပေးတဲ့နည်းကို အသုံးပြုပါတယ်။

အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု၊ ကျောင်းမှု၊ ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာနက လူပြန်တော်ပွဲစားများကတဆင့် လာဘ်စားတတ်အောင်သင်ပေးပြီး ငွေများ တရားနိုင်တဲ့အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှုကိစ္စဖြစ် သည့်အခါ အမှုနိုင်ရေးအတွက် ငွေဘယ်လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့်ပြောဆိုပြီး လူပြန်တော်နဲ့ ဝိနိစ္ဆယ ( တရားရေးအဖွဲ့) တို့ ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

မဟန အဖွဲ့ကြီးကို “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟနအဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများဖုံးလွှမ်းတာအားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာသနာတော်ဟာ မသန့်ရှင်းဘဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင်လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းက အထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။

နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြုလွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့ တက္ကသိုလ်တွေ (နပသ) တွေ ဖွင့်ထားသော်လည်း အရည်အချင်း မပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှု စတဲ့အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့်အစီ အစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့်သံဃာတော်များရှိလို့သာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်း ဖြစ်ပါတယ်။

နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကိုတင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာမနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေး ပွဲအချခံရခြင်း အပြစ်သေးသေးလေးကိုအကြောင်းပြကာ နှင်ထုတ်ခံရခြင်းများပြုလုပ်ပြီး ခိုင်းသမျှလုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့်စနစ်ကို တရားမဝင် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတ ခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက်လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှလုပ်ဆောင်တာ မရှိတော့ပါဘူး။

မဟန အဖွဲ့ဟာ သာသနာတော်နဲ့သက်ဆိုင်တဲ့ ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ဘဲ အာဏာရှင်အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်တုတ်ဖြစ်လာနေပါတယ်။ မဆလရှိစဉ်က မဆလခိုင်းတာ လုပ်ပေးရပြီး နဝတ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကိုမကြည့်ဘဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့အဖွဲ့အဖြစ်ပဲ တည်ရှိနေပါတယ်။ အာဏာ ရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာ သံဃာ တော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာ တည်မြဲရေး အတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်ဝိုင်း ဆရာတော်လို ဆင်းရဲမျိုးစုံကြုံနေရပြီး မှန်ကန်တဲ့ပြည်သူ့ဘက်ကမရပ်ဘဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။

မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိဘဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ဝင်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ဝမ်းနည်းစရာအလွန် ကောင်းပါတယ်။

သံဃဝိနိစ္ဆယ (သံဃာ့တရားရုံး) တွေရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှအကာအကွယ်မပေးခဲ့ပါဘူး။ သံဃာ့ တရား ရုံးဥပဒေအရ ဖြေရှင်းခွင့်မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရားရုံး အဆင့်ဆင့်က ပထမဆုံးတရားစီရင်ချက်ချပြီးမှ လူ (အရပ်သား) တရားရုံးက ဒုတိယစီရင်ချက်ချရတာ ဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာ တော်များဟာ မဟနအဖွဲ့နဲ့ တရားဥပဒေရဲ့ အကူအညီလုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ်ရှည်ထောင် ဒဏ်တွေလည်း ကျခံနေရပါတယ်။

မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကိုသိနေတဲ့ အာဏာရှင်အဆက်ဆက်ကလည်း သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထုအကျိုးပြု လုပ်ငန်းတခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီမဟနအဖွဲ့ကို အမြဲအသုံးချပြီး သံဃာ အချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာထုတ် ခိုင်းပါတယ်။ မဟနအဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့အဖြစ်မှန်ကို သေချာစစ်မနေတော့ဘဲ အာဏာတည်မြဲရေးအတွက် စစ်အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာသွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘဝတွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ ကျန်မာရေး ပညာရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင်သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ သိက္ခာမကျဘဲ သိက္ခာတက်လာမှာ ဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများ အဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီမင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှုရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလိုရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြဝါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာ မလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ ကျဆင်းစေပါတယ်။

လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင်ရွက် နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်အားပေးရမှာပါ။ တဖက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲ စတဲ့ လောင်း ကစားတာ၊ လမ်းဘေးမှာ အချိန်မတော် အလှူခံတာ၊ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ၊ အရက်သောက်တာ၊ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေလုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာသန့်ရှင်း ရေးဆိုတာ ဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ်လုပ်ရမယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူဘဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလိုရဟန်း အတုအယောင်တွေ ကြောင့် ဖမ်းပါတယ်ဆိုတာမျိုးအကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ် လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါးကင်းပြီး မည် သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်ဖို့ လိုပါတယ်။ ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများအနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။

လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော်မတိုးတက်ဘဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလပါတီ ပျောက်ကွယ် သွားတာကိုသင်္ခန်းစာယူပြီး ပြင်သင့်တာပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာ သာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့မဟနအဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင်မဟနအဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

0 comments: